နေပြည်တော်၊ မတ် ၂၅
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီ တွင် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် အွန်လိုင်းမှ တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပြင် မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေးတက္ကသိုလ်တို့တွင် အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ ဖွင့်လှစ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးက တက္ကသိုလ်များရှိ အင်္ဂလိပ်စာအထူးပြုဘွဲ့လွန် သင်တန်းများ သင်ကြားကြီးကြပ်ရန် ပါမောက္ခများ၊ ပါရဂူဘွဲ့ရများ လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် အင်္ဂလိပ်စာပါရဂူဘွဲ့ရ ဆရာဦးရေ ၂၀ ရှိပါကြောင်း၊ လက်ရှိကာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်နှစ်ခုတွင်သာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ ဖွင့်လှစ်နိုင်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်ကာ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး တက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားပါကြောင်း။
အရေအတွက်နှင့် လိုက်လျောညီထွေစွာ အရည်အသွေးရှိသော ပါရဂူဘွဲ့ရ ပညာတတ်များ ပေါ်ထွန်းစေရေးအတွက် အင်္ဂလိပ်စာပါရဂူ ကျမ်းကြီးကြပ်ရေးကော်မတီနှင့် ဘာသာရပ် သင်ကြားရေးအဖွဲ့တို့က ကြီးကြပ်ပေးရန်လည်း ညှိနှိုင်းစီစဉ်ပြီးဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာ ပါရဂူဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များကလည်း အားဖြည့်စောင့်ရှောက် ပေးစေလိုပါကြောင်းမှာကြားသည်။
ယင်းနောက် အင်္ဂလိပ်စာပါရဂူဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်