မိုးညှင်း ၁၁ ဩဂုတ် 


တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာရ အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး(၁၀)ဦးစာရင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်မှ ကျောင်းသူ (၂)ဦး ပါဝင်ခဲ့ပြီး တစ်မြို့နယ်လုံးအောင်ချက် ၃၂ ဒသမ ၇၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


မိုးညှင်းမြို့နယ် ဟိုပင်မြို့ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်ကျောင်းမှ ခုံအမှတ် ကညပ-၁၄၈၁ ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သည့် မသန္တာဦးသည် (၅)ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဝိဇ္ဇာဘာသာတွဲအမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် အဆင့်(၅)နေရာမှလည်းကောင်း၊ လယ်မှီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကညမ-၁၃၄၅ ခုံနံပါတ်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့သည့် မလွမ်းနောက (၄)ဘာသာဂုဏ်ထူးဖြင့် အဆင့်(၁၀)နေရာမှ လည်းကောင်း အောင်မြင်ခဲ့ကြသည်။


၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မိုးညှင်းမြို့နယ်အတွင်း ကျောင်းသား ကျောင်းသူ ၆၁၁၂ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ၂၀၀၂ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၇၆ ရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့်(၂)ဦး၊ ၅ ဘာ သာ(၂)ဦး၊ ၄ ဘာသာ (၁၅)ဦး၊ ၃ ဘာသာ (၃၉)ဦး၊ ၂ ဘာသာ(၁၁၉)ဦး၊ ၁ ဘာသာ(၂၆၈)ဦးရှိကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။


ကျော်ကျော်ထွေး(ပြန်/ဆက်)