မြို့သစ် ၃ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ သနန်ကျေးရွာအနီးရှိ ဆားချောင်းတံတားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချဉ်းကပ်လမ်းပြိုကျခဲ့သည့်အတွက်  မြို့သစ်မြို့လမ်းဦးစီးဌာနမှ ယာယီ လမ်းလွဲဖောက်လုပ်လျက်ရှိရာ မကြာခင်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

ဆားချောင်းတံတား လမ်းလွဲဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ မြို့သစ်မြို့လမ်းဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးထင်အောင်ဇော်က လမ်းလွဲတံတားကိုဒီနေ့စလုပ်နေပြီ။ သနန်ဘက် အခြမ်းချဉ်း ကပ်လမ်းကတော့ သဲကျောက်ချပြီးသွားပါပြီ။ အောင်ဇေယျဘက်အခြမ်း ချဉ်းကပ်လမ်းလည်း ဒီနေ့စလုပ်နေပြီ။ လမ်းလွဲတံတားပြီးတာနဲ့ အောင်ဇေယျဘက်ခြမ်း ချဉ်းကပ်လမ်းကို သဲကျောက် ချပါမယ်။ လမ်းလွဲတံတားပြီးတာနဲ့ လက်ရှိတံတားအဟောင်းကို ဖျက်ပြီးမှ ပြန်အသစ်ဆောက်မယ်။ လမ်းလွဲတံတားကတော့ ပိုင်ရိုက်ပါမယ်။ ကားလေးတွေသွားလို့ရအောင်နဲ့ လမ်းပန်းဆက်သွယ်ရေး မပြတ်အောင် ဆောင်ရွက်နေပါတယ်။ မနက်ဖြန်ညနေပိုင်းဆိုရင်သွားလိုရပါပြီဟု ပြောကြားသည်။

 

အဆိုပါ ဆားချောင်းတံတားသည် တမူး-စေတီ-အောင်ဇေယျကားလမ်းမပေါ်တွင် သနန်ကျေးရွာ နှင့်  ဖိုင်လင်းကျေးရွာအကြား ဆားချောင်းပေါ်၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့သော တံတား အရှည် ၃၅ ပေ၊ အကျယ် ၁၂ ပေရှိ သစ်သားတံတားဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းကပ်မြေရေတိုက်စားပြီး ချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

 

ယခုအခါ ဆားချောင်းတံတား ယာယီလမ်းလွဲအား ပေ ၄၀၀ ကျော်ခန့် ဖောက်လုပ်၍ ချောင်းသဲ ကျောက်ခင်းကာ လမ်းလွဲတံတားဆောက်၍ လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးဆောင်ရွက် လျက်ရှိပြီး နိုဝင်ဘာ ၄ ရက်  ညနေပိုင်းခန့်တွင် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)