တမူး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အင်ဒိုင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အင်ဒိုင်းကျေးရွာသည် ယခင်က ရွာတွင်းလမ်းများမှာ မိုးရာသီရောက်တိုင်း ချိုင့်ခွက်များ၊ ရွှံ့စေးများကြောင့် သွားလာရေးခက်ခဲခဲ့ကြောင်း၊ ယခုအခါ အရှည် ၇၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းငွေကျပ်သိန်း ၁၃၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၄၅ အိမ်၊ လူဦးရေ ၁၁၀၀ ဦးတို့အတွက် ရာသီမရွေး သွားလာရေးအဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။
ကိုလှိုင်(ကျေး/လက်)