တမူး  ၁၁ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကနန်ကျေးရွာအုပ်စု၊ ကနန်ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းအား ဇွန်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ကနန်ကျေးရွာတွင် စက်ရေတွင်းတူးဖော်၍ မရနိုင်သဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၃၀ ခန့်ဖြင့် အရှည် ၁၃၀ဝ၀ ပေရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၂၀ဝ၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းတို့အား ယခုနှစ် ဇွန်လမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောသည်။

 
အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၃၀၊ လူဦးရေ ၆၁၃ ဦးတို့အား သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း  သိရသည်။


ငြိမ်းသူ(စလင်း)

 

1