တမူး ၂၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော တီးတိန်ယံ ကျေးရွာ ကုန်ထုတ်လမ်း အား ယခုနှစ် မတ်လက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါကုန်ထုတ်လမ်း မှာ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ တင်ဒါအောင်မြင်သော MITကုမ္ပဏီမှ မူလခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၃၈ ဒသမ ၆၀ဝ ဖြင့် အရှည် ၅၂၈၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၂ ပေ မြေသားတာဘောင်တင်ခြင်းနှင့် ထု ၉ လက်မ ချောင်းသဲကျောက်ခင်းခြင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောပြ၍ သိရသည်။

အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကျော်မျိုး၊ ကလေးခရိုင်ကျေးလက်ဦးစီးမှူး ဦးဇေယျာညို၊ တမူးမြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးချိန်တွင် လမ်းအချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရှိရသည်၊ ၎င်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်အချိန်ကာလ အတွင်းပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၅၀ အိမ် ၊ လူဦးရေ ၂၃၉ ဦး တို့အား အကျိုးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လယ်/ယာ ၅၄၃ ဧက တို့မှ လယ်ယာထွက်ကုန်များအား ဈေးကွက်သို့ အလွယ်တကူတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း က ပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)
