နေပြည်တော်၊ နိုဝင်ဘာ ၂၇
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပ ပြုလုပ်ကြသည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာ ကုသိုလ်ယူဆည်းပူးပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ် ကြသည်။

ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိ ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။

အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင် မီးထွန်းတော်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများကို ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ထွန်းညှိပူဇော်ဖူး မြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။
အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက် အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက်ရှိကာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို အများပြည်သူများ အနေဖြင့် ပျှော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်