နန်းယွန်း  ၂၅   ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် တနိုင်းချောင်းရေကြီးမှုကြောင့် နစ်မြုပ်ပျက်စီးခဲ့ရသည့် နန်းယွန်းမြို့နယ် လူလွန်းကျေးရွာတောင်သူများအား မျိုးစပါးများ ထောက်ပံ့မည်ဖြစ်ကြောင်း နန်းယွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းထံမှ သိရသည်။


တနိုင်းချောင်းရေကြီးမှုကြောင့် နန်းယွန်းမြို့နယ်၊ လူလွန်းကျေးရွာရှိ အိမ်ခြေ(၆၆)လုံး နစ်မြုပ်ခဲ့ ပြီး လယ်(၈၀)ဧက၊ ပျိုးစပါးပင်များနှင့် တောင်ယာစပါး(၃၅)ဧက မြစ်ရေကြီးမှုကြောင့် ဆုံးရှုံးခဲ့ကြောင်း၊  လယ်ယာမြေများ ရေလွှမ်းမိုးဒဏ်ခံခဲ့ရသည့် တောင်ယာလုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦးနှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ (၂၄)ဦးတို့အား မျိုးစပါးခွံနီ (၃၅)တင်း၊ မျိုးစပါးရွှေရင်အေး(၁၆၀)တင်းတို့အား နန်းယွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။


ဟန်ကမ်း(နန်းယွန်း၊ ပြန်/ဆက်)