တနိုင်း ၇ ဇူလိုင်
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြခံစားသောက်ကုန်ပစ္စည်း (၅)မျိုးကို ပြီးခဲ့သည့် ဧပြီလက ထောက်ပံ့ပေးခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၅၂၆ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ပြန်လည် ထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံပေးအပ်ခဲ့သည်။
ထိုသို့ ပြန်လည်ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင် တို့သည် တနိုင်းမြို့နယ်အတွင်းရှိ ကျန်ရှိသော အိမ်ထောင်စုများ ဖြစ်သည့် ကင်ဆားရာရပ်ကွက်မှ အိမ်ထောင်စု(၄၁)စုအတွက် ငွေကျပ် ၆၁၅၀ဝ၀၊ မုန်ဒိန်ရပ်ကွက်မှ အိမ်ထောင်စု(၃၇၄)စုအတွက် ငွေကျပ် ၅၆၁၀ဝ၀ဝ၊ ဒူးကောင်းရပ်ကွက်မှ အိမ်ထောင်စု (၁၆)စုအတွက် ငွေကျပ် ၂၄၀ဝ၀ဝ နှင့် ခလုံးကျေးရွာမှ အိမ်ထောင်စု(၈)စုအတွက် ငွေကျပ် ၁၂၀ဝ၀ဝ ကိုလည်းကောင်း၊ ရှင်ဗွေယန်မြို့ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၈၇)စု အတွက် ငွေကျပ် ၁၃၀၅၀ဝ၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများမှာ နိုင်ငံတော်မှထောက်ပံ့ပေးခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ် ၇၈၉၀ဝ၀ဝ အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ မတက်ရောက်နိုင်သော ပြည်သူများအား ကချင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့်အဖွဲ့က ကိုယ်တိုင်သွားရောက်ကာ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)


