တွန်းဇံ၊ ၃၀ မေ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် မေ ၃၀ ရက် နံနက် ၈ နာရီမှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချိုလင်းအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွန်းဇံမြို့ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး Mask အခု (၅၀၀) ဖြင့် Mask Campaign ကို ပြုလုပ်ခဲ့ကြသည်။ လက်ရှိတွင် တွန်းဇံမြို့ပေါ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ များပြားလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်အမှတ် (၁၁၆/၂၀၂၁) ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်းကြောင်း ထုတ်ပြန်ကြေညာပြီး ဖြစ်သော်လည်း မြို့ပေါ်ရှိ ပြည်သူများသည် စားဝတ်နေရေး အခြေအနေအရ သွားလာလှုပ်ရှားလျက် ရှိသည်။
ထိုသို့ သွားလာလှုပ်ရှားနေသော ပြည်သူများအား မဖြစ်အနေ Mask တပ်ဆင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အသိပညာပေးခြင်းဖြင့် Mask Campaign ကို ပြုလုပ်ခဲ့ကြသည်။ မေ ၃၀ ရက်နှင့် ၃၁ ရက်အထိ Mask Campaign ပြုလုပ်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများကို ဒဏ်ရိုက်စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)


