တွန်းဇံ၊ ၃၀ မေ

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် မေ ၃၀ ရက် နံနက် နာရီမှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချိုလင်းအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွန်းဇံမြို့ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး Mask အခု (၅၀၀) ဖြင့် Mask Campaign ကို ပြုလုပ်ခဲ့ကြသည်။  လက်ရှိတွင် တွန်းဇံမြို့ပေါ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ များပြားလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်အမှတ် (၁၁၆/၂၀၂၁) ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်းကြောင်း ထုတ်ပြန်ကြေညာပြီး ဖြစ်သော်လည်း မြို့ပေါ်ရှိ ပြည်သူများသည် စားဝတ်နေရေး အခြေအနေအရ သွားလာလှုပ်ရှားလျက် ရှိသည်။

 

ထိုသို့ သွားလာလှုပ်ရှားနေသော ပြည်သူများအား မဖြစ်အနေ Mask တပ်ဆင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အသိပညာပေးခြင်းဖြင့် Mask Campaign ကို ပြုလုပ်ခဲ့ကြသည်။ မေ ၃၀ ရက်နှင့် ၃၁ ရက်အထိ Mask Campaign ပြုလုပ်ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများကို ဒဏ်ရိုက်စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဝေဖြိုး(ဇလပ်မြေ)