တွန်းဇံ  ၁၂ ဇွန်


ချင်းပြည်နယ် ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဘိန်းအစားထိုး သီးနှံမျိုးစေ့များဖြစ်သော နယူးဧရာ မျိုးစပါးစေ့များအား ခွမ်နွဲကျေးရွာ၊ ဟားခါးလေးကျေးရွာနှင့် ရှာလ်ထော်ဇန်ကျေးရွာတို့ရှိ တောင်သူများထံ ဇွန် ၁၁ ရက် နေ့လယ်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


အဆိုပါကျေးရွာ၌ တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်ဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုဆန်းတို့က ဆွောင်းပက်ကျေးရွာအုပ်စု ခွမ်နွဲကျေးရွာရှိ တောင်သူ ၅၀ ဦးတို့အား မျိုးစပါးစေ့ ၁၃၇ ကီလို၊ ဆဲအောက်ကျေးရွာအုပ်စု ဟားခါးလေးကျေးရွာရှိ တောင်သူ ၂၀ ဦးတို့အား မျိုးစပါး ၁၀ဝ ကီလိုနှင့် လမ်ထန်ကျေးရွာအုပ်စု ရှာလ်ထော်ဇန် ကျေးရွာရှိတောင်သူ ၇၀ ဦးတို့အား မျိုးစပါး ၂၅၃ ကီလို၊ စုစုပေါင်း ၄၉၀ ကီလိုအား တောင်သူ ၁၄၀ ဦးတို့ထံ လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ရာ တောင်သူများမှာ အလွန်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။


ချင်းပြည်နယ်တွင် ဘိန်းအစားထိုး သီးနှံများအဖြစ် နှစ်စဉ်နှစ်တိုင်း မျိုးစပါးစသည့် သီးနှံမျိုးစေ့များ၊ နှစ်ရှည် ပျိုးပင်များနှင့် နှစ်ချင်းသီးနှံ မျိုးစေ့ထုပ်များကို တောင်သူများအား အခမဲ့ဖြန့်ဖြူးပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့ကျစေရန် ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေး ပညာပေး ဟောပြောပွဲများ၊ သီးနှံပိုးမွှားများ အန္တရာယ် ကာကွယ်ရေး ပညာပေးခြင်းစသည့် သီးနှံအထွက်တိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နေစု(ချင်းရိုးမ)