မြိတ်   စက်တင်ဘာ   ၁၃

           

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီး ဘုရားရင်ပြင်တော်တွင် တနင်္သာရီရိုးရာ ခေါသရပ်နေ့ ယနေ့ နံနက်ပိုင်းက သံဃာတော်နှင့်သီလရှင်များအား ပင့်ဖိတ်၍ တနင်္သာရီ ရိုးရာ ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း (၃၅)မျိုးကို ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော် ဦးဆောင်၍ အလှူရှင်များမှ မုန့်အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။   

 

မြိတ်ဒေသ၌ တနင်္သာရီဒေသရိုးရာ ခေါသရပ်ပွဲတော်နေ့တွင် ယခင်တုန်းက မုန့်ဆွမ်းလောင်းလှူပွဲများရှိပြီး ယခုနောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ကြောင်း၊  ယနေ့ကျင်းပသည့် တနင်္သာရီရိုးရာ ခေါသရပ်နေ့ ဆွမ်းလောင်းလှူပွဲသည် တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီး၌ ဒုတိယအကြိမ် ပြုလုပ်သည့် အရုဏ်ဆွမ်း လောင်းလှူပွဲဖြစ်ပြီး ခေါသရပ်ထိုးမုန့်နှင့် မြိတ်ဒေသမုန့်ဆွမ်း(၃၅)မျိုးကို သံဃာတော်နှင့်သီလရှင် အပါး (၂၇၀)ကို ပင့်ဖိတ်ပြီး လောင်းလှူခဲ့ကြပြီးနောက် စေတီတော်သို့လာရောက်ကြသည့် ဧည့်ပရိသတ်များအား ဒေသမုန့် များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ 

 

နှစ်စဉ် တော်သလင်းလပြည့်ကျော်(၄)ရက်နေ့ကို ခေါသရပ်နေ့အဖြစ် တနင်္သာရီမြို့တည်စကတည်းကပင် ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်  တနင်္သာရီမြို့၏ ဒေသရိုးရာပွဲတော် တစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

 

အဆိုပါ တနင်္သာရီမြို့၏ ဒေသရိုးရာ ခေါသရပ်နေ့ကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မြို့နယ်များတွင်သာ ကျင်းပလေ့ရှိကြောင်း သိရသည်။ 

 

ခိုင်ထူး ( ပြန်/ဆက် )