တနင်္သာရီ ၃ဝ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာသဖြင့် သြဂုတ်(၃ဝ)ရက် နံနက်ပိုင်းမှစ၍  အခြေခံပညာကျောင်း (၇) ကျောင်းတွင် မြစ်ရေများလာခြင်း၊  ကျောင်းပတ်လည်နှင့် ကျောင်းသွားလမ်းများတွင် ရေဝင်နေခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်ခဲဖြစ်ပေါ်လာခြင်းတို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ အန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပွားစေရန် ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အလက (ခွဲ) မော်တုန်း အနောက်၊ အမက-တပ်ဦး၊ အမက-မြေမအုံ၊ အမက-ထုံနွယ်ရွာ၊ အမက-အင်းဝိုင်းကုန်း၊ အမက-တလိုင်းတပ်နှင့် ဘန်းသဲရွာ မူလတန်းလွန်ကျောင်းတို့ဖြစ်ပြီး ကျောင်းပိတ်ရက်များကို စနေ၊ တနင်္ဂ‌နွေ၊ အဖိတ်နေ့များတွင် အစားထိုး၍ ပြန်လည်ဖွင့်လှစ်ပေးသွားရန် စီစဉ်ထားရှိကြောင်း  ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယု ထံမှ သတင်းရရှိသည်။

တနင်္သာရီမြို့နယ်အတွင်း သြဂုတ် (၂၃) ရက်မှစ၍  မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဒုတိယအကြိမ်အဖြစ် တနင်္သာရီမြစ်ရေ ထပ်မံကြီးလာခြင်းဖြစ်သည်။ သြဂုတ်(၃ဝ)ရက် နံနက်(၆)နာရီအထိ တိုင်းထွာချက်အရ  တနင်္သာရီမြစ်ရေသည်   တနင်္သာရီမြို့၏ စိုးရိမ်ရေမှတ်အထက်  (၃ပေနှင့်၃လက်မ) ကျော်လွန်ကာ (၂ဝပေ ၃လက်မ) အထိ ရောက်ရှိနေပြီဖြစ်သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)