တနင်္သာရီ ၈ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ တနင်္သာရီမြို့နယ်အတွင်းရှိ မွေးရာပါမသန်စွမ်းသူ (၂၉၂) ဦးအတွက် Covid-19 ကာလထောက်ပံ့ငွေ လွှဲပြောင်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၈ရက်နံနက် ၁၀ နာရီခွဲက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြိတ်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးဒေါ်ဝေဝေလွင်နှင့် ဝန်ထမ်းများ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပေးပြီး၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်ဝေဝေလွင်က Covid-19 ကာလအတွင်း မသန်စွမ်းသူများကို ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်များ၊ မသန်စွမ်းသူသတ်မှတ်စံနှုန်းများအား ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူ(၂၉၂)ဦးအတွက် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများထံ ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူများထံ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် မွေးရာပါကိုယ်အင်္ဂါမသန်စွမ်းသူ(၂၀၇)ဦး၊ မွေးရာပါဉာဏ်ရည်မသန်စွမ်းသူ (၁၅)ဦး၊ မွေးရာပါနားမကြားသူ(၃၂)ဦးနှင့် မွေးရာပါ မျက်စိမမြင်သူ(၃၈)ဦး စုစုပေါင်း(၂၉၂)ဦး အတွက် တစ်ဦးလျှင် နိုင်ငံတော်မှ Covid-19 ကာလအတွင်း(တစ်ကြိမ်သာ)ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၈၇,၆၀၀၀၀ ဖြစ်ကြောင်း မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးဒေါ်ဝေဝေလွင်ထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


