တနင်္သာရီ ၃၀ စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့်အထူးရဲ(၉၈)ဦးကို ခန့်အပ်၍ လုံခြုရေး တာဝန်အပြည့်အဝ ထမ်းဆောင်စေနိုင်ရန် အထက-တနင်္သာရီကျောင်းတွင် အောက်တိုဘာ(၁)ရက်မှ (၂၈) ရက်နေ့အထိ သင်တန်းပို့ချ ပေးသွားမည်ဖြစ်၍ ကြိုတင်ပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆)စုတွင် မဲရုံ(၉၈)ရုံရှိသဖြင့် အထူးရဲ(၉၈)ဦးနှင့် ကျန်းမာရေးနှင့်အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုဖြစ်ပွားပါက အဆင်သင့်ဖြစ်နေစေရန် အရန်(၅)ဦး၊ စုစုပေါင်း(၁၀၃)ဦးတို့အား မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် အထက-တနင်္သာရီကျောင်းဆောင်များအတွင်း စခန်းသွင်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)