ထားဝယ် စက်တင်ဘာ ၁၆

 

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားဝတ်နေရေး အဆင်ပြေစွာနေနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းသည် အဓိကကျကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး တွေ့ကြုံနေရသော အခက်အခဲများ၊ ကူညီပံ့ပိုးရမည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် ပွင့်လင်းရာသီကာလတွင် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း၊ မကြာမီကာလတွင် သီတင်းကျွတ်ရာသီနှင့် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင် ဘုရားလှည့်လည်ပူဇော်ပွဲ ရောက်ရှိလာမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးသို့ ခရီးသွားနှင့် ဘုရားဖူးဧည့်သည်များဖြင့် ပိုမိုစည်ကားလာနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး လိုအပ်သောအကြံဉာဏ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ကော်မတီဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)