မြိတ် ၂၃ မေ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက်က မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထားဝယ်-မြိတ်လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ဆောက် လျက်ရှိသော သမုတ်လွတ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ရာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် တံတားဆိုင်ရာ အချက်အလက်များကို တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၄) လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ရှင်းလင်းတင်ပြသည်။
ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းက သမုတ်- လွတ်လွတ် တံတားချဉ်းကပ် လမ်းပိုင်းနှင့် ဘုတ်-သမုတ်လွတ်-ကဘင်း လမ်းပိုင်းအခြေအနေများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ တံတားတည်ဆောက်ရာတွင် သတ်မှတ်ကာလနှင့် စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သမ္မတလမ်းညွှန် မှာကြားချက်များကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
သမုတ်-လွတ်လွတ်တံတားသည် (၁၂၈၇)ပေရှည်ပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေရှိကာ လူသွား လမ်းအကျယ် တစ်ဖက်(၃)ပေဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ တံတားကို ဘိုးပိုင်အုတ်မြစ်၊ R.C ကိုယ်ထည်၊ P.C Girder, Steel Box Girder & R.C Decking အပေါ်ထည် အမျိုးအစားဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ တံတားကို တိုင်းဒေသကြီး ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း (၁၁၈၀ဝ) ဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် တံတားတည်ဆောက်မှုလုပ်ငန်း (၄၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) မှ သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာ၌ ဝန်ကြီးချုပ် က နိုင်ငံတော်၏ မူဝါဒ(၃)ရပ်အပေါ်အခြေခံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်ရမည့် ဦးစာပေး လုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှ ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့လိုကြောင်း၊ မိမိကျရာ တာဝန်ကဏ္ဍမှာ ဒေသ၏အကျိုးကို အကောင်းနိုင်ဆုံး၊ အတတ်နိုင်ဆုံးဖြစ်အောင် တာဝန်ထမ်းပေးစေလိုပါကြောင်း၊ မိမိတို့၏ သိက္ခာနဲ့အညီ ရာထူးနဲ့အညီ ပြည်သူလူထု၏အကျိုးကို အတတ်နိုင်ဆုံး တာဝန်ထမ်းပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ကြရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာ များကို မိမိဌာနအလိုက် ပြဌာန်းထားသည့် ဥပဒေများနဲ့အညီ ဆောင်ရွက်ပေးပြီး ဥပဒေနဲ့မညီသည်များကို သက်ဆိုင်ရာသို့ တင်ပြ၍ အရေးယူဆောင်ရွက်စေလိုကြောင်း၊ အဓိကကတော့ တာဝန်ယူခွင့်ရတဲ့ကာလမှာ ဌာနဆိုင်ရာများအနေနဲ့ ဒေသ၏ တိုးတက်ရာတိုးတက်ကြောင်းနှင့် ပြည်သူလူထု၏ တိုးတက်ရာတိုးတက် ကြောင်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)