ထားဝယ် ဇန်နဝါရီ ၁၀
ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သော ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ပရဟိတများအတွက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားဖြစ်ကြောင်း၊ မြိတ်နှင့် ကော့သောင်းတွင်လည်း ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅၆၅၉)ဦးရှိပြီး ထားဝယ်ခရိုင်အတွင်း ရောဂါပိုးတွေ့ရှိသူ (၅၁၉၄)ဦးရှိ၍ ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းသူ (၄၈၃၃)ဦး၊ ကုသမှုခံယူသူ (၁၀)ဦးနှင့် သေဆုံးသူ (၃၅၁)ဦးရှိကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် စတင်တွေ့ရှိခဲ့သဖြင့် တိုင်းဒေသကြီးအတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း Volunteer နှင့် ပရဟိတအဖွဲ့များမှ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်စေလိုကြောင်း၊ ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် စိတ်ပါဝင်စားစွာဖြင့် အားတတ်သရော ကိုယ်ရောစိတ်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ဆရာဝန်၊ သူနာပြု၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ပရဟိတများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့် ငွေကျပ် (၁၂၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥက္ကာက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


