ထားဝယ် ၂၇ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က Coronavirus Disease 2019 (COVID-19) သည် ယခုအခါ မျိုးရိုးဗီဇပြောင်းလဲလာပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား၌သာမက မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုနှုန်းမြင့်မားလာနေသည်ဟု သိရှိရကြောင်း၊ တစ်ဖက်နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများနှင့် Coronavirus Disease 2019 (COVID-19) ရောဂါ သံသယရှိသူများကို Facility Quarantine ထားရှိမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲများစွာ ရှိလာပြီး ထိုအခက်အခဲများကို စနစ်တကျ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ပြည်တွင်းဝင်ပေါက်ဖြစ်သော မလွှဲတောင်စစ်ဆေးရေးဂိတ်အား စနစ်တကျအလေးထား စိစစ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူများနှင့် တရားမဝင် ဝင်ရောက်လာသူများကိုလည်း သက်ဆိုင်ရာဌာနများက စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့ ဆောင်ရွက်နိုင်မှသာ Coronavirus Disease 2019 (COVID-19) ရောဂါကပ်ဘေးကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအား ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ယခင်ထက်ပို၍ နှိုးဆော်အသိပေးရန် လိုအပ်ပါကြောင်းနှင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက တိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၀/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ မှာကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)


