နေပြည်တော်၊ ဇွန် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်မြို့ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သုတေသနလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူး ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကမ္ဘာပေါ်၌ ဒီရေတောများတည်ရှိသည့် နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် မြန်မာနိုင်ငံသည် တတိယ ဒီရေတော အများဆုံးနိုင်ငံဖြစ်၍ မြိတ်ခရိုင်တွင် ဒီရေတောဧက (၃) သိန်းကျော်တည်ရှိပြီး မြန်မာနိုင်ငံတွင် ဒီရေတော အများဆုံးဒေသဖြစ်သကဲ့သို့ မြန်မာ့ရေထွက် ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀ ရာခိုင်နှုန်းကို တနင်္သာရီတိုင်းဒေသကြီးက ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင် ရွက်ရန်လိုအပ်ကြောင်း။
ရေငန်ပုစွန် မွေးမြူရေးသည် အတိုင်းအတာတခုအထိ အောင်မြင်နေပြီး ဂျင်းခရု (သွေးဂုံး) မွေးမြူရေးမှာလည်း လွန်ခဲ့သည့် (၂) နှစ်အတွင်းတွင် မွေးမြူဧက (၅၀၀၀) ခန့်အထိ တိုးတက် လျက်ရှိရာ ဒေသနှင့်ကိုက်ညီသည့် ဂျင်းခရု (သွေးဂုံး)၊ ကမာ၊ ကျောက်ငါးနှင့် ကကတစ်ငါးများစသည့် ရေငန်သတ္တဝါမွေးမြူရေး အောင်မြင်ရန်အတွက် သုတေသနလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရေငန် ငါး ပုစွန် မွေးမြူတတ်သည့် လူစွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းလာစေရန်နှင့် ဂျင်းခရု၊ ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကမာ ရေငန်မွေး မြူရေး လုပ်ငန်းများကို တနိုင်တပိုင် နှင့် စီးပွားဖြစ် လုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလာစေရန် သုတေသန ရန်ပုံငွေထူထောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ဆက်လက်ပူး ပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေရှည်တွင် ငါးသယံဇာတများ ပြုန်းတီးမှု မဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးထုတ်လုပ်ခြင်းကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် မွေးမြူထုတ်လုပ်မှု ကဏ္ဍတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အနာဂတ်၏ ရေလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် သုတေသနရလာဒ်ကောင်းများ ဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ သုတေသနလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ တာဝန်ရှိသူတို့က သုတေသနပြုဆောင်ရွက်နေမှု အခြေအနေများကို အွန်လိုင်းစနစ်ဖြင့် ပါဝင်ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများက ကလွင်စခန်းအဆင့်မြှင့်တင်ခြင်း၊ မွေးမြူရေး သုတေသနစခန်း (ကျွန်းစု) မှ ရေနေသတ္တဝါဆိုင်ရာ ရေငန်ငါး ပုစွန် မျိုးရိုးဗီဇနှင့် သဘာဝအရင်း အမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက် ဆောင်ရွက်လျက်ရှိသည့် ဌာန၏ သုတေသနလုပ်ငန်းများ၊ အဏ္ဏဝါသိပ္ပံဌာနမှ ဒေသတွင်း တွေ့ရှိရသည့် ခရု/ ကမာမျိုးစိတ်များ သားဖောက်မွေးမြူခြင်း ထုတ်လုပ်ခြင်းနှင့် နည်းစနစ်ကျနသော အသားတိုးမွေးမြူခြင်း သုတေသနပြုဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ရှားပါလာသော ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန် ပစ္စည်းများကို စျေးကွက်ဝင် အရည်အသွေး မြင့်မားသည့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသုံးချသုတေသနလုပ်ငန်းများ အလေးထား ဆောင်ရွက်ရန်နှင့် စျေးကွက်ဆိုင်ရာ သုတေသနပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်
Breaking News


