ရန်ကုန် နိုဝင်ဘာ ၂၈
ပြည်ပဈေးကွက်ဝင် ပနားမီးပုစွန်ဖြူများကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ မြိတ်ခရိုင်နှင့် ထားဝယ် ခရိုင်တို့ရှိ ရေငန်ပုစွန်မွေးမြူရေးကန်များတွင် စနစ်တကျမွေးမြူထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။
“တနင်္သာရီတိုင်းဒေသကြီးမှာ ပနားမီးပုစွန်မွေးမြူတာ ငါးနှစ်ကျော်ပဲရှိပါသေးတယ်။ အမြတ်အစွန်းကြီးသလို ရင်းနှီးမှု လည်းကြီးတယ်။ မြန်မာ့ပုစွန်ဖြူက အရေအသွေးကောင်းတဲ့အတွက် ပြည်ပနိုင်ငံတွေက နှစ်ခြိုက်ကြပြီး လက်ရှိမှာတရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံက အများဆုံးဝယ်နေပါတယ်။ အဓိက ပင်လယ်ရေသန့်ရှင်းမှုကြောင့် ရေထွက် ကုန်လည်း အရည်အသွေးကောင်းတဲ့သဘောဖြစ်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးသက်စိုးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ရေထွက်ကုန်များသည် အရည်အသွေးကောင်းမွန်ပြီး ပနားမီးပုဇွန်ဖြူသည် သန့်ရှင်းလတ်ဆတ်သဖြင့် ပြည်ပနိုင်ငံများက နှစ်သက်ကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား MoU ရေးထိုးထားပြီးဖြစ်ရာ ပင်လယ်ပြင်ဖမ်းဆီးတင်ပို့မှုမှ ရေငန်ပုစွန်မွေးမြူတင်ပို့မှုအထိ အခွင့်အလမ်းများစွာ ရရှိ လာပြီဖြစ်သည်။
ရေငန်ပုစွန်ကို နှစ်ဧကခွဲလျှင် တစ်ကန်နှုန်းဖြင့် ခြောက်ပေအနက်တွင် ရေငန်ပုစွန်ကောင်ရေ နှစ်သန်းမှလေးသန်းအထိ မွေးမြူလျက်ရှိပြီး ရေလှောင်ကန်၊ ပိုးသတ်ကန်တို့ထားရှိကာ ဧက ၁၀၀ တွင် ရာခိုင်နှုန်း ၄၀ မွေးမြူထုတ်လုပ် လျက်ရှိကြောင်း၊ ပုစွန်ဖြူမျိုးစိတ်သားလောင်းများကို ထိုင်းနိုင်ငံမှဝယ်ယူ၍ အဆင့်ဆင့်မွေးမြူပြီး သုံးလကျော် လေးလခန့်အကြာ၌ ရောင်းတန်းဝင်အဆင့်သို့ရောက်ရှိကြောင်း သိရသည်။
ပင်လယ်ပြင်တွင် ငါးသယံဇာတရှားပါးလာခြင်း၊ ပို့ဆောင်မှုနှင့်သယ်ယူ စရိတ်မြင့်မားလာခြင်း၊ ဈေးကွက်မတည်ငြိမ် ခြင်းတို့ကြောင့် ဈေးကွက်နှင့်ဝင်ငွေသေချာသော ရေငန်ပုစွန် မွေးမြူထုတ်လုပ်တင်ပို့မှုကို လုပ်ငန်းရှင်တို့ စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၌ ကော့သောင်းခရိုင် Grand Adman Co,Ltd တွင် ၁၂၄ ဒသမ ၆၂ ဧက၌ ပုစွန်မွေးကန် ၁၈ ကန်၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းကုမ္ပဏီတွင် ၈၃၂ ဧက၌ ပုစွန်မွေးမြူရေး ကန် ၁၀၅ ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီ(မစမ်းပါး)တွင် ၅၃၁ ဒသမ ၀၅ ဧက၌ ပုစွန်မွေးကန် ၅၃ ကန်၊ ပုလော မြို့နယ် ရွှေကံမော်ကုမ္ပဏီတွင် ၂၉၉ ဒသမ ၇၇ ဧက၌ ပုစွန်မွေးမြူရေးကန် ၂၅ ကန်နှင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် The Best Myanmar Co,Ltd တွင် ဧက ၄၀ ၌ ပုစွန်မွေးမြူရေးကန် ရှစ်ကန်တို့ဖြင့် ရေငန် ပုစွန်မွေးမြူသောမြေဧက ၁၈၂၇ ဒသမ ၄၄ ဧက၌ ပုစွန်မွေးမြူရေးကန်ပေါင်း ၂၀၉ ကန်တို့တွင် လေးလခန့်တစ်ကြိမ်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိသည်။
ကုမ္ပဏီတစ်ခုလျှင် ရေငန်ပုစွန်ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့်အထက်ရရှိလျက်ရှိပြီး မွေးမြူရေး ကုမ္ပဏီများ တိုးပွားလာပါက ပြည်ပပို့ကုန်ဝင်ငွေတိုးမြှင့်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)