ထားဝယ် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၈ နာရီက ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်တို့က ဘာသာရပ်ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက စောင်းလက်သံ၊ မြကျွန်းညိုညိုတက္ကသိုလ်သီချင်း၊ ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်သီချင်း၊ ချောကလျာသီချင်းတို့ဖြင့် တီးမှုတ်သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ရင်ခွင်သို့ ခိုလှုံရောက်ရှိလာသည့် အနာဂတ်ကို ပုံဖော်ကြမည့် မျိုးဆက်သစ် လူငယ်မောင်မယ်များအား နွေးထွေးစွာကြိုဆိုကြောင်း၊ မောင်မယ်များအနေဖြင့် တက္ကသိုလ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် တက္ကသိုလ်က ပို့ချသော ဘာသာရပ်များ၊ ဆရာ ဆရာမများ၏ ဆုံးမမှုများဖြင့် အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားနိုင်သောသူများ ဖြစ်ကြစေလိုကြောင်း၊ မောင်မယ်များအနေဖြင့်ကျောင်းပြီး၍ ဘွဲ့ရသွားသည့်အခါ မိမိတို့၏အသိပညာများနှင့် ဒေသ၏သယံဇာတများကို ပေါင်းစပ်ပြီး တိုင်းဒေသကြီးကို ယခုထက်မက ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးနိုင်မည့် “အနာဂတ် ခေါင်းဆောင်များ”ဖြစ်ကြမည်ဟုယုံကြည်ကြောင်း၊ မောင်မယ်သစ်လွင်များအားလုံး တက္ကသိုလ်ပညာသင် ကာလတစ်လျှောက်လုံး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြပါစေကြောင်းနှင့် နိုင်ငံတော်က အားကိုးရသော ဗလငါးတန် ပြည့်စုံသည့် ပညာတတ်လူငယ်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက မွန်ကိန္နရီ ကိန္နရာအက၊ ကရင်တိုင်းရင်းသား ရိုးရာအက၊ ထားဝယ်ရေအိုးရွက်အကတို့ဖြင့် ဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေကြသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


