မန္တလေး ၁၁ မေ
တန်ဖိုးမြှင့် နွားနို့ထုတ်ကုန်များ ထုတ်လုပ်နည်းသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင် ကျေးရွာ (မန္တလေး - မတ္တရာ ကားလမ်းဘေး) တွင် ဇွန် ၅ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် နို့စားနွားမွေးမြူသူများ တန်ဖိုးမြှင့် နွားနို့ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရေးနှင့် စားသုံးသူပြည်သူများ ပြည်တွင်းဖြစ် အရည်အသွေးမြင့် နို့ထွက်စားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့် နွားနို့ထုတ်ကုန်များ ထုတ်လုပ်နည်းသင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မွေးမြူရေး ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ (Livestock Products Research and Development Center) မှ မွေးမြူရေး ထုတ်ကုန်ပညာရှင်များက လာရောက်ပို့ချမည်ဖြစ်ပြီး သင်တန်းတွင် Cottage cheese၊ Grilled cheese နှင့် Halloumi cheese ပြုလုပ်နည်းအပါအဝင် တန်ဖိုးမြှင့် နွားနို့ထုတ်ကုန် ထုတ်လုပ်နည်းများအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် နွားနို့ကို အသုံးပြု၍ ဆပ်ပြာနှင့် milk salt scrub ထုတ်လုပ်နည်းလည်း ထည့်သွင်းသင်ကြားပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ထိုင်းနိုင်ငံ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သင်တန်းသို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အသင်းဝင်များ တက်ရောက်နိုင်ပြီး၊ သင်တန်း တက်ရောက်သူများအတွက် နှစ်ရက်စာ သင်တန်းကြေးနှင့် စားသောက်စရိတ်များအား မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်က ကျခံပေးသွားမည်ဖြစ်ကာ လက်တွေ့သင်ခန်းစာများအတွက် လိုအပ်သည့် ကုန်ကြမ်းများ၏ ကုန်ကျစရိတ်ကို သင်တန်းသားများက ကျခံရမည်ဖြစ်ကြောင်း၊ သင်တန်းသားတစ်ဦးလျှင် ကျပ် ၅၀ဝဝဝ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ယခုလကုန် ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (ဖုန်း - ဝ၁၃ - ၆၄၄၀၄၁၊ ဝ၁၃ - ၆၄၄၈၄၃၊ ဝ၉၄၂၁၀ဝ၆၂၃၉) သို့ ရုံးချိန်အတွင်း စာရင်းပေးသွင်းရမည် ဖြစ်သည်။
ငြိမ်းငြိမ်း