မန္တလေး ၂၁ သြဂုတ်


"တန်ဖိုးရှိသောလူသားများအဖွဲ့"မှ ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာ စုပေါင်းလှူဒါန်းပွဲကို ယနေ့ နံနက်  ၉ နာရီက  ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၃ x ၇၄ လမ်းကြားရှိ  ဆေးတက္ကသိုလ်(မန္တလေး)တွင် ပြုလုပ်ခဲ့သည်။


"ပရဟိတအလုပ်တွေကို တစ်ကိုယ်တော် ဆောင်ရွက်နေပါတယ်။ အခုလိုလှူဒါန်းမှုတွေကိုတော့ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး "တန်ဖိုးရှိသောလူသားများအဖွဲ့"ဆိုပြီး အဖွဲ့တစ်ခုဖွဲ့ ဆောင်ရွက်နေပါတယ်။ အမြင်အာရုံချို့တဲ့သူများအတွက် မျက်ကြည်လွှာအစားထိုးကုသရာမှာ အသုံးပြုနိုင်ရန် မျက်ကြည်လွှာ ပိုမိုရရှိရေးနဲ့ ဆေးပညာသင်ကြားရာဖြစ်ဖြစ်၊ ဆေးပညာတိုးတက်မှုဆိုင်ရာ သုတေသနလုပ်ငန်းများမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့ အထောက်အကူပြုစေရေးတို့အတွက် ရည်ရွယ်ပြီး ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာများကို စုပေါင်းလှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာတော့ ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသခြင်းအတွက်ပါ လှူဒါန်းပေးနေပါတယ်။  လစဉ် ၂၁ ရက်နေ့တိုင်း ဆောင်ရွက်သွားမှာပါ။ လှူဒါန်းမှုက (၄)ကြိမ်ရှိပါပြီ။ မန္တလေးမှာတော့ ယခုအကြိမ်က ပထမဦးဆုံးအကြိမ်ပါ။ မကွေးမြို့၊ တောင်ကြီးမြို့တို့မှာ ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု အဖွဲ့ဦးဆောင်သူ ဦးဇေသူကိုကို (တစ်ကိုယ်တော်ကူညီသူ၊ ဒါးပိန်မြို့)က ပြောသည်။


အဆိုပါ လှူဒါန်းပွဲသို့ "တန်ဖိုးရှိသောလူသားများအဖွဲ့"မှ အဖွဲ့ဝင်များ၊ ခန္ဓကိုယ်နှင့် မျက်ကြည်လွှာ အလှူရှင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ခန္ဓာကိုယ်အလှူရှင် (၅၇)ဦး၊ မျက်ကြည်လွှာအလှူရှင် (၅၅)ဦးတို့က လှူဒါန်းခဲ့ရာ ဆေးတက္ကသိုလ်(မန္တလေး)၊ ခန္ဓာဗေဒဌာနနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ(မန္တလေး) တို့မှ  တာဝန်ရှိသူများက စာရင်းသွင်းလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာ စုပေါင်းလှူဒါန်းမှုအတွက်  ရေစက်ချအမျှဝေပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲက မဟာမုနိဘုရား အရှေ့စောင်းတန်း အာရုံခံအတွင်း၌ ပြုလုပ်ရာ မဟာမုနိဘုရား ရေတော်ဆရာတော်ထံမှ ရေစက်ချတရား နာယူကြည်ညို၍ အမျှပေးဝေခဲ့ကြကြောင်းနှင့် ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့်  ဦးဇေသူကိုကို ဖုန်း ဝ၉-၂၅၆၄၃၄၅၃၆၊ ဝ၉-၇၉၉၆၆၈၉၀၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ 


တင်မောင်(မန်းကိုယ်ပွား)