တံတားဦး ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူများသည် ကဘိုကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ထိုက်ထိုက်ပြည့်ဖြိုးလွင်နှင့် တာဝန်ရှိသူများက ကဘိုကျေးရွာ၌ အလျား ၂၅၀ ပေ၊ အနံပေ ၁၀၀ နှင့် အနက်သုံးပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ဇွန် ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းအားလုံး၏ ၅၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပါက ကဘိုကျေးရွာရှိ အိမ်ခြေ ၂၆၅ အိမ်၊ လူဦးရေ ၁၁၈၈ ဦးတို့၏ သောက်သုံးရေ ရရှိရေးအတွက် များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)