တံတားဦး ဇူလိုင်  ၂၇

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး  ပြူကန်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချို လယ်၌ ကျင်းပကြောင်း သိရသည်။

 

သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်က ကောက်စိုက်ဖြင့် စိုက်ပျိုးရာတွင် ပျိုးထောင်ရလွယ်ကူခြင်း ၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း ၊ ပျိုးနှုတ်ရန် မလိုအပ်ခြင်း ၊ ပျိုးပင်များမနာသဖြင့် ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း ၊  ကောက်ပင်များ နေ ၊ ရေ ၊ လေ အာဟာရမျှတစွာ စားသုံးရခြင်း ၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းကို ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း ၊ ဒေသခံတောင်သူများ  လယ်ယာသုံး စက်ကိရိယာ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည် ။

 

ထို့နောက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ခြင်းကို ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးနှင့် ဝန်ထမ်းများ ၊ တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှု လယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ၊ ဒေသခံတောင်သူများက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြခြင်းကို ကြည့်ရှုလေ့လာအားပေးကြပြီး တောင်သူများ၏ သိရှိလိုသည်များကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

 

တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် ပြူကန်ကျေးရွာ၌ ယနေ့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို (၅)ဧက စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးဘမ်း(၈၀ မှ ၁၀၀)ကြားတွင်စိုက်ပျိုးနိုင်ကြောင်း ၊ ပျိုးဘမ်းတစ်ဘမ်းလျှင် မျိုးစပါး နို့ဆီဘူး(၁)ဘူးသာကုန်ကျပါကြောင်း တောင်သူများအနေဖြင့် မျိုးစပါးကုန်ကျသက်သာခြင်း ၊ ပျိုးနှုတ်ခြင်းမှသက်သာခြင်းနှင့် လူအားဖြင့်ကောက်စိုက်ခြင်းမှ သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည် ။

 

တံတားဦး(ပြန်/ဆက်)