ရန်ကုန်  ၅  နိုဝင်ဘာ 

တွံ့တေးမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့၏ ၃၃ / ၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံများ နှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ တွံတေးမြို့နယ် ၃၃ / ၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရူ စစ်ဆေးကြသည်။

321

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့မှူးမြို့နယ် ညောင်ကုန်း ၃၃ / ၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရူ့ စစ်ဆေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တွံ့တေးမြို့နယ်နှင့် ကော့မှူးမြို့နယ် အပါအဝင် တောင်ပိုင်းခရိုင်တွင် ဓာတ်အားခွဲရုံ ခုနစ်ရုံ တည်ဆောက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အား ရရှိရေး စီမံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျေးရွာ ပေါင်း ၂၂၀၅ ရွာအနက် ကျေးရွာ ၁၈၅၀ မီးလင်းခဲ့ပြီး ၃၅၅ ရွာသာ ကျန်ရှိတော့ကြောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် စီမံဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ကျေးလက်နေပြည်သူအားလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

322

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွင့်ပြုငွေကျပ် ၈၄၁ ဒဿမ ၃၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ၂ / ၀  ဒသမ ၅၁ မိုင် ၁၂ ပေ ရှိ ကော့မှူးမြို့နယ် အိုးဘို - ကျုံဖာ - ချောင်းဝ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း၊ ခွင့်ပြုငွေကျပ် ၆၀၅ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ၁ / ၂ မိုင်ရှိရေကျော် - အိုးဘို ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းနှင့် ခွင့်ပြုငွေကျပ် ၉၁၉ ဒဿမ ၁၂၅ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ၂ / ၂ မိုင် ၁၂ ပေ ရှိ တွံတေးမြို့နယ်၊ တမာကော - ခလောက်ချိုက် - မငေး - အလယ်ရွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ကဗ္ပည်းကျောက်စာ မော်ကွန်းများအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ဓာတ်အားခွဲရုံများနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး ( ပြန် /ဆက် )