တန့်ယန်း မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ကူညီပံ့ပိုးမှုဖြင့် လုံပုန်းကျေးရွာအုပ်စု လွယ်လွမ့် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းသစ် မုခ်ဦး၌ ကျင်းပသည်။
လမ်းသစ်ဖွင့်ပွဲတွင် နယ်စပ်ဒေသ တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မဌာနာ စရိယ ဘဒ္ဒန္တသုခမိန္တ (စဝ်ဆုခမ်း)၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လွယ်လွမ့် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း နာယက ဦးစိုင်းမြင့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆိုပါ ကတ္တရာလမ်းသစ်တစ်လျှောက် လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ လုံပုန်းကျေးရွာအုပ်စု လွယ်လွမ့် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကတ္တရာလမ်းသစ်ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ကတ္တရာ (၇ ဒသမ ၈၉)တန် ကူညီပံ့ပိုးမှုဖြင့် စေတနာရှင်ပြည်သူများ စုပေါင်းပြီး အရှည်ပေ (၁၀၀၀)၊ အကျယ် (၁၈)ပေ၊ ထု(၉)လက်မရှိ ကတ္တရာလမ်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)