တန့်ယန်း၊ ၂၆ နိုဝင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား နေရပ်ပြန်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဦး‌ဆောင်၍ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါတန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား တန့်ယန်း - ပန်ဆန်း မော်တော်ကားလမ်း မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆို၍ “ဝ” စာပေနှင့် ယဉ်ကျေးမှုခန်းမ ယာယီစခန်း၌ စနစ်တကျနေရာချထားပေးပြီး နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

“မနက်ဖြန်မနက်လည်း ထပ်ရောက်အုံးမယ်ကြားတယ်။ လူတော့တော်တော်များတယ် ဘယ်လိုပဲဖြစ်ဖြစ် နေရပ်ပြန်ဖို့ စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သည်မှာနေရတာ အဆင်ပြေပေမယ့် နေရပ်ကိုတော့ အမြန်ပြန်ချင်ပါတယ်" ဟု တန့်ယန်းစစ်ရှောင်စခန်းမှ အောင်လံမြို့နယ်နေ အမျိူးသမီးတစ်ဦးက ပြောသည်။

 

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများက ယာယီစခန်းများတွင် စနစ်တကျ နေရာချထားပေးပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးကာ နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း တန့်ယန်းမြို့သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား တစ်ညတာ အိပ်စက်နိုင်ရန် တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး စေတနာရှင်အလှူရှင်များနှင့်ပူးပေါင်း၍ တတ်နိုင်သလောက် အာဟာရ ဒါနပြုခဲ့ကြ‌ကြောင်းသိရသည်။

 

TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန်အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများတူး၍ လမ်းအားဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

 

အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်းပြီး အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထားသည့်နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှား ရှင်းလင်းပေးနိုင်ခဲ့ရာ ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်သည်။ အဆိုပါ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကျန်ရှိသည့်နေရာများအားလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြု သွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်ဘဲ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းမကြီးများအား ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

သစ်တော်