နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက “တောင်သူများအနေဖြင့် ရရှိသောရန်ပုံငွေများကို ဆီထွက်သီးနှံများ အောင်မြင်ရေး အလေးထားစိုက်ပျိုးကြရန်” မှာကြားပြီး နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးနှင့် ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်တို့က ကဏ္ဍအလိုက် ရှင်းလင်းပြောကြားပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာများဖြစ်သည့် ရှောက်ကုန်းကျေးရွာ၊ အောင်မြေရိပ်သာကျေးရွာ၊ ဆင်သေကျေးရွာနှင့် သပြေသာကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာ ကျေးရွာ ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေများအဖြစ် တပ်ကုန်းမြို့နယ် ရှောက်ကုန်း ကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာတွင် Type(2) ငွေကျပ် သိန်း ၂၀၀၊ အောင်မြေရိပ်သာ ကျေးရွာအုပ်စု၊ အောင်မြေရိပ်သာ ကျေးရွာတွင် Type(1) ငွေကျပ်သိန်း ၁၀၀၊ ကင်မွန်းတန်း ကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာတွင် Type(1) ငွေကျပ်သိန်း ၁၀၀၊ ဥသျှစ်ကုန်း ကျေးရွာအုပ်စု၊ သပြေသာ ကျေးရွာတွင် Type(1) ငွေကျပ်သိန်း ၁၀၀ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
တင်စိုးလွင်