နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့တွင် ဒုတိယနေ့အဖြစ် တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် နှင့်တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ထိန်းချုပ်စက်(Control Unit)ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြရာ ယင်းတို့အနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ်တကျကိုင်တွယ်နိုင်ခဲ့ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ခြင်း၊ မဲရလဒ်များသည် မှန်ကန်တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှုမပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို လက်တွေ့ သိရှိရပြီး မဲပေးစက်အပေါ် ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ၊ မြဝတီရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာ အုပ်စု၊ ကျားသေအိုင်ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာအုပ်စု၊ ရွှေမြို့ကျေးရွာအုပ်စု၊ ကံလှ ကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်