တပ်ကုန်း စက်တင်ဘာ ၃
နေပြည်တော် ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းကျေးရွာများဖြစ်သော လယ်ဇပင်ကျေးရွာအုပ်စု၊ လယ်ဇပင်ကျေးရွာ၊ ကျီးအင်း ကျေးရွာအုပ်စု၊ ကျီးအင်းကျေးရွာ၊ မယ်ဇလီကျင်းကျေးရွာနှင့် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာများမှ စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေများ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးပေးခြင်းကို တပ်ကုန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် စီမံကိန်းကျေးရွာတာဝန်ခံ ဝန်ထမ်းများက စက်တင်ဘာ ၂ ရက်က မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စီမံကိန်းကျေးရွာ လေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၀၅ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၄၁ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ခြောက်ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၇၂ ဦး စုစုပေါင်း အသင်းသား အသင်းသူ ၆၂၄ ဦးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ကျပ် ၁၇၇၆ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်