နေပြည်တော် ၁၈ မေ
မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင်ကျရောက်သော ညောင်ရေသွန်းပွဲတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်ရှေ့ လောကချမ်းသာဆုတောင်းပြည့် အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ဆပ်ကပ်ပူဇော်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာ ဆုတောင်းပြည့်အသင်းဘုရားကြီး ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြပြီး အခန်းအနားမှူးက မဟာဗောဒိ ရုက္ခသိဉ္ဇနပူဇာ ဂါထာတော်အား ရွတ်ဖတ်ပူဇော်ကာ သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့အလိုက် မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်