နေပြည်တော် ၁၂ ဩဂုတ်
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များက ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန (ရန်ကုန်)၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ အမျိုးသားသွေးဌာန(ရန်ကုန်)၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ သွေးအလှူရှင် စေတနာရှင်ပြည်သူများ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာအောင်က သွေးလှူဒါန်းမှုဆိုင်ရာများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ စေတနာရှင်သွေး အလှူရှင်များနှင့်အတူ စုပေါင်းပါဝင်၍ အမျိုးသားသွေးဌာန(ရန်ကုန်)သို့ စုပေါင်းသွေးလှူဒါန်းကြပြီး သွေးလှူဒါန်းကြသည့် အရာရှိ၊ စစ်သည်များ၊ စေတနာရှင်သွေးအလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အင်အားဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အင်အားဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ အမျိုးသားသွေးဌာန (ရန်ကုန်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များအနေဖြင့် အမျိုးသားသွေးဌာန(ရန်ကုန်)သို့ သွေးလှူဒါန်းမှုအနေဖြင့် ယခုအကြိမ် အပါအဝင် (၉)ကြိမ်ရှိပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
