နေပြည်တော် ၂၆  ဇူလိုင် 


အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh  Dhanoa ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ်တနန်မြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ်၃၀ တွင် အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှု ဌာနချုပ်၌ ဌာနချုပ်မှူး  Vice Admiral Atul Kumar Jain က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယ အရှေ့ပိုင်းရေတပ် ကွပ်ကဲမှု ဌာနချုပ် ဌာနချုပ်မှူး  Vice Admiral Atul Kumar Jain တို့သည် အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေး နွေးကြသည်။ 


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

 

1


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရေတပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းပိုင်နက် လုံခြုံရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရဘဲ ရေပိုင်နက် နယ်နိမိတ်ထိစပ်နေသည့်နိုင်ငံများ စုပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။


မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တိုပီဒိုထုတ်လုပ်သည့် Bharat Dynamics Limited သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး စက်ရုံအတွင်း တိုပီဒိုထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု လေ့လာကြသည်။ 

 

1


ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီဇာကာပတ်တနန်မြို့၏ ၁၅ ကီလိုမီတာအကွာရှိ Bheemunipatnam  တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်သည့် Thotlakonda Buddhist Complex သို့ သွားရောက် လေ့လာဖူးမြော်ကြသည်။ 


ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယအရှေ့ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး  Vice Admiral Atul Kumar Jain က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်