နေပြည်တော်  ၁  ဒီဇင်ဘာ

တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် တစ်ရပ်ကို  ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာ၀ရငြိမ်းချမ်းရေး အောင်မြင်စေရန် ဆွေးနွေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါက ဆက်လက်ဆွေးနွေး နိုင်ရေး၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုးထားရှိသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ လက်မှတ်မရေးထိုး ရသေးသည့်အဖွဲ့များအနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ထာ၀ရ ငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက်  နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဟု သတင်းထုတ်ပြန်ကြေညာအပ်ပါကြောင်း ဖော်ပြထားသည်။

သတင်းစဉ်