နေပြည်တော် ဧပြီ ၃

တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် ဦးအောင် အောင်နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘများနှင့် ဆွေမျိုးများ၊ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ နည်းပြများနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဗိုလ်လောင်းတပ်ခွဲများအားစစ်ဆေး

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေ စည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေ စည်သူ စိုးဝင်းသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၇)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ်(၃၁)၊ ဗိုလ်လောင်းပိုင်ဟိန်းသူအား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပြီး အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ တိုင်းရင်းသားပေါင်းစုံပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်မတော်ကြီးဖြစ်ကြောင်း၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ကစ၍ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်တွင် သမိုင်းအစဉ် အလာကောင်းများနှင့် လျှောက်လှမ်းလာခဲ့သည်မှာ ပြီးခဲ့သည့် မတ် ၂၇ ရက်တွင် “၇၉” နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း။

သမိုင်းမှတ်တမ်းတွင်အထင်အရှားရှိ

လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက် နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် အုပ်ချုပ်ခဲ့ရာတွင် ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် စသည့်ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးမတည် ငြိမ်မှုများ၊ ပြည်ပကျူးကျော်စစ်များနှင့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကို ကြုံတွေ့ခဲ့စဉ်တွင်လည်း တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝ လုံခြုံရေးတို့အတွက် တိုင်းရင်းသားပြည်သူများအရှေ့တွင် မားမားမတ်မတ်ရပ်တည်ပြီး သစ္စာရှိစွာကာကွယ် စောင့်ရှောက်ခဲ့သည်ကို သမိုင်းမှတ်တမ်းတွင် အထင်အရှားရှိခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့်အတွက် တပ်စုတစ်စုကို ဦးဆောင်ကွပ်ကဲရမည့်သူများအနေဖြင့် ခေါင်းဆောင်မှုပညာရပ်များကို နားလည်တတ်ကျွမ်းထားရန်လိုအပ်ကြောင်း၊ စစ်မြေပြင် တိုက်ပွဲများသည် အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပြီး စွန့်စားဆောင်ရွက်ရသည်ဖြစ်၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ရန် ခေါင်းဆောင်၏အရည် အသွေးအခန်းကဏ္ဍသည် အလွန့်အလွန် အရေးကြီးကြောင်း၊ ခေါင်းဆောင်၏ စိတ်ဓာတ်နှင့် စီမံခန့်ခွဲမှုသည် စစ်ပွဲ၏အနိုင်အရှုံးကို ဆုံးဖြတ်ပေးသည့် အဓိကအကြောင်းအရာပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ ဦးဆောင်မှုကောင်းပါက နောက်လိုက်စစ်သည်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာပြီး တပ်ဖွဲ့တစ်ခုလုံး၏ စည်းလုံးညီညွတ်မှုအင်အားမှ တစ်ဆင့် တိုက်စွမ်းရည်ကောင်းကိုရရှိ စေမည်ပင်ဖြစ်ကြောင်း။

စံနမူနာပြနေထိုင်ကျင့်ကြံပြောဆို

စစ်မှန်သည့် ခေါင်းဆောင်သည် ကိုယ်တိုင် စံနမူနာပြနေထိုင်ကျင့်ကြံ ပြောဆိုပြီး လက်အောက်ငယ်သားများ၏ ယုံကြည်အားကိုးမှုနှင့် ချစ်ခင်လေးစားအသိအမှတ်ပြုမှုကို ရယူနိုင်သည့်သူများဖြစ်ကြောင်း၊ ထိုသို့အရည်အချင်းများရရှိ စေရန်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမည့်သူများ အနေဖြင့်ယနေ့မှစ၍ ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့် ပြည့်စုံနေရန်လိုကြောင်း၊ ထို့ကြောင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအပေါ် တွင် မှန်ကန်သည့်ခေါင်းဆောင်မှုနှင့်အတူ မိဘသဖွယ်စိတ်ဓာတ်၊ ခေါင်းဆောင်သဖွယ်စိတ်ဓာတ်တို့နှင့် စည်းကမ်းတကျ ကွပ်ကဲအုပ်ချုပ်မှသာ အောင်မြင်မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်အောက်ကို ကွပ်ကဲအုပ်ချုပ်သည့်နေရာတွင် ဖြောင့်မတ် မှန်ကန်ပြီး ကျောသားရင်သားမခွဲခြားဘဲ အဂတိကင်းစွာဖြင့် ကွပ်ကဲအုပ်ချုပ် ဦးဆောင်မှုပေးသွားကြရန်လိုကြောင်း။

နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည့် အခြေခံစိတ်ဓာတ်နှင့် တပ်မတော်ကို မိမိသဘောဆန္ဒအလျောက် ဝင်ရောက်လာ ခဲ့ကြသည့်သူများသည်ရှိပြီးအခြေခံ စိတ်ဓာတ်ကို ပိုမိုကြံ့ခိုင်မာကျောအောင် စဉ်ဆက်မပြတ် တည်ဆောက်ကြရင်း တစ်ဖက်ကလည်း မိမိဦးဆောင်ရသည့် တပ်ကိုတိုက်စွမ်းရည်နှင့် တိုက်စွမ်းအားများပြည့်စုံအောင် လေ့ကျင့်စီမံဆောင်ရွက် နေရန်လိုအပ်ကြောင်း၊ တိုက်စွမ်းရည် ပြည့်ဝစေရန် စွမ်းရည်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသည့် စစ်သည်များ ဖြစ်အောင် အဆင့်နှင့်လျော်ညီသည့် စစ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရမည် ဖြစ်သည့်အပြင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည် သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အခြေခံအရည် အချင်း(၅)ပါးနှင့် ပြည့်ဝနေအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း။

တပ်မတော်၏ကောင်းမြတ်သည့် အစဉ်အလာ(၁၂)ရပ်

ထို့အပြင် ဒို့တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာ(၁၂)ရပ်ကို လိုက်နာစောင့်ထိန်းပြီး စွမ်းရည်သုံးရပ်ထက်မြက်လာအောင် ကြိုးပမ်းအကောင်အထည် ဖော်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ အစဉ်အလာ(၁၂)ရပ်တွင် မျိုးချစ်စိတ်ဓာတ်သည် အဓိကကျကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှိသူသည် စည်းကမ်းကောင်းခြင်း၊ သစ္စာရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စွမ်းရည်ရှိခြင်း၊ စွန့်လွှတ် စွန့်စားတတ်ခြင်း၊ တစ်ဦးချင်းကိုယ်ကျိုးကို ပဓာနမထားတတ်ခြင်း၊ စိတ်ဓာတ် မြင့်မြတ်ခြင်း၊ အခက်အခဲကို ရင်ဆိုင် ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ဦးထိပ်ပန်ဆင်ခြင်းစသည့် အစဉ်အလာများကို အလွယ်တကူသယ်ပိုး သွားနိုင်မည်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်၏ အစဉ်အလာကောင်းများကို ကိုယ်တိုင်နှင့် လက်အောက်အကြပ် စစ်သည်များကိုပါ ထိန်းသိမ်းစောင့်ရှောက် ရန်လိုအပ်ကြောင်း။

သင်တန်းကာလတွင် စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် အခြားဘာသာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်ကြောင်း၊ နည်းပညာတိုးတက်မှု မြန်ဆန်သည့်ယနေ့ခေတ်တွင် စစ်မှု ဆိုင်ရာအတတ်ပညာနှင့် စစ်နည်းဗျူဟာများသည် သမားရိုးကျမဟုတ်ဘဲ တိုးတက် မြင့်မားလျက်ရှိကြောင်း၊ ထို့ကြောင့်သင်ကြားပေးလိုက်သည့် အတတ်ပညာများနှင့် တင်းတိမ်ရောင့်ရဲမနေဘဲ ဆက်လက်လေ့လာသွားကြရန်လိုကြောင်း၊ လက်တွေ့နယ်ပယ်တွင် တာဝန် ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် အခက်အခဲများကို အောင်မြင်စွာကျော် လွှားနိုင်ရန်အတွက် သင်ကြားထားသည့် သီအိုရီ (Theory)များကို အတွေ့အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်ပြီးဆောင် ရွက်သွားကြရမည်ဖြစ်သကဲ့သို့ မိမိထက် အတွေ့အကြုံရှိသည့် အရာရှိများထံမှလည်း လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း။

တပ်မတော်သားများအနေဖြင့် တိုက်စွမ်းရည်ရှိပြီး အရည်အချင်းပြည့်ဝစေရန်အတွက် “အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်ရမည်” ဆိုသည့် မြဲသုံးမြဲနှင့်လည်း ပြည့်စုံနေရန်လိုအပ်ကြောင်း၊ လေ့ကျင့်ရေးသည် တစ်ဦးချင်း လေ့ကျင့်ရေးနှင့် အဖွဲ့လိုက်လေ့ကျင့်ရေး ဆိုပြီး အခြေခံအားဖြင့် နှစ်မျိုးရှိကြောင်း၊ ရက်သတ္တ ၃၆ ပတ်ကြာ  တက်ရောက်ခဲ့သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)က တစ်ဦးချင်းနှင့် အဖွဲ့လိုက်အနေဖြင့်ပါ လိုက်ပါလုပ်ဆောင် တတ်စေရန် လေ့ကျင့်သင်ကြားပေးလိုက် ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် “အရေအတွက်မှ အရည်အချင်းသို့” ဆိုသည့်လေ့ကျင့်ရေး မူဝါဒနှင့်အညီ တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းဆောင်ရည် မြင့်မားစေရန် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုသည့် လေ့ကျင့်ရေး ဆောင်ပုဒ်အတိုင်း မိမိဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို အမြဲလေ့ကျင့်နေရန် လိုအပ်ကြောင်း၊ ထို့ပြင် တပ်မတော် သားတစ်ယောက်ဖြစ်သည်နှင့် အညီ ပေးအပ်လာသည့် တာဝန်များကို အချိန် မရွေး၊ နေရာမရွေး ထမ်းဆောင်နိုင်ရမည် ဖြစ်၍ ကျန်းမာကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝအောင် နေထိုင်ကြရမည် ဖြစ်ကြောင်း။

စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးမဏ္ဍိုင်

စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ခြင်းကြောင့် ထုတ်ပြန်ထားသည့် တိုက်တွန်းချက်နှင့် တားမြစ်ချက်များကိုလည်း မိမိကိုယ်တိုင် သိရှိလိုက်နာကြရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ရှိ အကြပ်စစ်သည်များလည်း သိရှိလိုက်နာအောင် ကြပ်မတ်သွားရမည် ဖြစ်ကြောင်း၊ စည်းကမ်းများကို တိကျစွာလိုက်နာသည့်သူသည် အမိန့်နာခံမှုလည်း ရှိလာမည်ဖြစ်ပြီး စိတ်ဓာတ်ကောင်းမွန်ပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်သူသည်လည်း စစ်စည်း ကမ်းနှင့်အမိန့်များကို အလိုလိုလိုက်နာပြီး ဖြစ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း။

ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းလာကြသည့် မြန်မာနိုင်ငံသားများ ဖြစ်ခြင်းကြောင့် နယ်ဘက်ဥပဒေများကို စောင့်ထိန်းရသည့်အပြင် တပ်မတော်သားဘဝကိုခံယူထားခြင်းကြောင့် စစ်ဘက်ဥပဒေများကိုလည်း အဓိကလိုက်နာရသူများဖြစ်ကြောင်း၊ ထို့ပြင် တန်းပြည့်စစ်မှု ထမ်းဆောင်ချိန်တွင်လည်း နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement- ROE)များကိုလည်း တိကျစွာလိုက်နာသွား ရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ရေရှည်တည်တံ့ ခိုင်မြဲပြီး ရည်မှန်းချက် တာဝန်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စည်းကမ်းကောင်းပြီး အမိန့်နာခံမှုကောင်းသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ကောင်းတစ်ရပ် ဖြစ်အောင် တည်ဆောက်သွားကြရန် မှာကြားလိုကြောင်း။

အောင်မြင်သည့် ခေါင်းဆောင်ကောင်း များ၏နောက်တွင် အရည်အချင်းပြည့်ဝ သည့် နောက်လိုက် ကောင်းများစွာရှိကြောင်း၊ စစ်မှုရေးရာများနှင့်ပတ်သက်၍ ခေါင်းဆောင်မှု ပေးရာတွင် ပြတ်သားသည့် ခေါင်းဆောင်မှုမျိုးဖြစ်ရန် လိုကြောင်း၊ အောင်မြင်သည့် ခေါင်းဆောင်ကောင်း ဖြစ်ရန်အတွက်လည်း နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်မည် ဆိုသည့်အတိုင်း တပ်မတော်အပေါ်တွင် သစ္စာရှိပြီး တာဝန်ကျေပွန်သည့် နောက်လိုက်ကောင်းတစ်ဦး ဖြစ်အောင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်းကြိုးစားသင်ယူ လုပ်ဆောင်ကြရန်လို ကြောင်း။

တိကျစွာလိုက်နာဆောင်ရွက်

သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုသူများဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရာတွင် သစ္စာလေးချက်ကို စွဲမြဲမှတ်သားပြီး စာသားတစ်လုံးချင်းစီ၏ အဓိပ္ပာယ်အတိုင်း တိကျစွာလိုက်နာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အတိတ်သမိုင်း ကြောင်းတစ်လျှောက်မှ ယနေ့အထိ တိုင်းပြည်၏ အမျိုးသားနိုင်ငံရေးတာဝန်များကို ကျရာအခန်းကဏ္ဍအလိုက် စွန့်လွှတ်စွန့်စားစွာဖြင့် အမှုထမ်းခဲ့ကြ သည့် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ တာဝန်ကျေပွန်မှုနှင့် သစ္စာစောင့်သိမှုများကို မိမိတို့တပ်မတော် သားများ နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန် လေးချက်နှင့်အညီ ဆက်လက်စောင့်ထိန်း လိုက်နာသွားရန်လိုကြောင်း။

တပ်ကို ကွပ်ကဲတည်ဆောက်ရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး လေးရပ်ဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် တည်ဆောက်သွား ရမည်ဖြစ်ကြောင်း၊ ထိရောက်သည့် လေ့ကျင့်ရေးက ကြံ့ခိုင်သန်စွမ်းမှုနှင့် ကျွမ်းကျင်မှုကိုရရှိစေပြီး ယုံကြည်မှုမြင့်မားကာ အောင်စိတ်ကို ရရှိစေသကဲ့သို့ ပေးအပ်သည့်အမိန့်နှင့် တာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်စွမ်းရှိစေမည် ဖြစ်ကြောင်း၊ ညီညွတ်မျှတ မှန်ကန်သည့်အုပ်ချုပ်ရေးသည် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စေရုံသာမက အမှုအခင်းလျော့နည်းရေးနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေး တို့ကို ခိုင်မာစေမည်ဖြစ်ကြောင်း၊ ထို့ပြင်လူ့သဘော သဘာဝကိုသိရှိပြီး စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေးကို ထိထိရောက် ရောက် ဆောင်ရွက်ပေးခြင်းသည် တပ်နေပျော်ပြီး စစ်တိုက်တော်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများကို မှန်ကန်မျှတစွာ ဆောင်ရွက်ပေး ခြင်းဖြင့် စစ်သည်များ၏ စိတ်ဓာတ်သည် ပိုမိုခိုင်မာအားကောင်းစေပြီး စစ်သည်တိုင်း တိုက်ပွဲဝင်လိုစိတ် အစဉ်အမြဲရှိနေမည်ပင် ဖြစ်ကြောင်း၊ တိုက်ပွဲဆိုသည်မှာရန်သူနှင့် မိမိတပ်များ၏ တိုက်ပွဲဝင်လိုစိတ်နှင့် အောင်ပွဲခံလိုစိတ်တို့ ယှဉ်ပြိုင်နေခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ ရဲ(၃)ရဲ၊ မြဲ(၃)မြဲတို့သည် စစ်ကဏ္ဍကြီး(၄)ရပ်လုံး၏ အောင်မြင်မှု သော့ချက်များ ဖြစ်ကြောင်း။

စိတ်ဓာတ်ကောင်းသည့် ခေါင်းဆောင်သည် မည်သည့်စည်းကမ်းနှင့် အမိန့်ကိုမဆို လိုက်နာနိုင်သူများဖြစ်ကြောင်း၊ တစ်ဦးချင်း စိတ်ဓာတ်ကောင်းအောင် လေ့ကျင့်နိုင်ပါက အဖွဲ့လိုက်လည်း ကောင်းလာမည်ဖြစ်ပြီး တိုက်စွမ်းရည်ကိုရရှိလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ် ကောင်းမွန်စေရန်အတွက် တပ်မတော်၏ သမားစဉ်လုပ်ငန်းများကို သတ်မှတ်ချိန်များအတိုင်း မိမိကစ၍ လက်အောက် ငယ်သားများပါ လိုက်ပါဆောင်ရွက်အောင် အမြဲကွပ်ကဲ ကြပ်မတ်နေရမည်ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်မှု၊ အုပ်ချုပ်မှု၊ သက်သာချောင်ချိမှုနှင့် စိတ်ဓာတ်ခိုင်မာကောင်းမွန်မှုများဖြင့် တပ်ကိုတည်ဆောက် သွားရမည် ဖြစ်ကြောင်း။

လေ့လာ၊ လေ့ကျင့်၊ လိုက်နာ

တပ်တစ်တပ်၏ တိုက်စွမ်းရည် ထက်မြက်ရန်အတွက် စစ်သည်အဆင့်တန်း အားလုံး တစ်ဦးချင်းလေ့ကျင့်ရေးနှင့် အဖွဲ့လိုက် လေ့ကျင့်ရေးကိုပါ ပီပြင်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ ကိုယ်စီတာဝန် လေ့ကျင့်ရေး ကျွမ်းကျင်မှုမှသည် တပ်စိတ်၊ တပ်စု၊ တပ်ခွဲ နောက်ဆုံး တပ်မတော်ဆိုသည့် အဖွဲ့အစည်း၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ အောင်မြင်စွာ ထမ်းဆောင်နိုင်သည်အထိ စစ်ပညာရပ်များကို လေ့ကျင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ကြီးလေးသည့် တာဝန်များကိုထမ်းဆောင်ရာတွင် မိမိကိုပေးအပ်သည့် တာဝန်နှင့် ပတ်သက်ပြီး အစဉ်အလာကောင်းများရေးထိုးနိုင် ရန် ကြိုးစားရမည်၊ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရာတွင်လည်း မိမိလုပ်ဆောင်မှုကို ပေါ်လွင်ထင်ရှားအောင် လုပ်ပြနိုင်ရန် လိုအပ်သကဲ့သို့ လုပ်ထား မှန်းသိအောင်လည်း လိမ္မာပါးနပ်စွာတင်ပြ တတ်ရမည်၊ တာဝန်ထမ်း ဆောင်ရာတွင်လည်း လူတော်လူကောင်းဖြစ်ရန်နှင့် လူကောင်းလူတော်ဖြစ်ရန်လည်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတော်ပြီး လူမကောင်းပါက ကာယကံရှင်နှင့် မိသားစုများပါ ပြဿနာမြောက်မြားစွာနှင့် ရှုပ်ထွေးမှုဖြစ်စေခြင်း၊ လူကောင်းပြီး လူမတော်ပြန်လျှင်လည်းပေးအပ်သည့် ရည်မှန်းချက်များ အောင်မြင်စွာ အဆုံးသတ်စေမည့် ကိုယ်ပိုင်အရည်အချင်းနှင့် အရည်အသွေးပါ အားနည်းသည့်အတွက်ဘက်စုံတိုးတက်မှုအကောင်အထည် မဖော်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေသည့်အတွက် လူလည်းတော်၊ စိတ်ဓာတ်လည်းကောင်းမွန်သည့် ခေါင်းဆောင်ငယ်များဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”သွားကြရန်မှာကြားလိုကြောင်း။

စည်းလုံးညီညွတ်ရန်လိုအပ်

နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံတွင်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၏ တာဝန်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်သည်လည်း အဓိကတာဝန် အရှိဆုံးဖြစ်သည်ကို သိရှိ ထားရန်လိုကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်သား အားလုံးသည် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့တပ်မတော်သားတိုင်းသည် ပြဋ္ဌာန်း ထားသည့် စစ်သည်တော်ကျင့်ဝတ်(၆၀)ပါးကို တိကျစွာလိုက်နာနိုင်မှသာ တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး အောင်မြင်နိုင်မည်ဖြစ်ပြီး တိုက်စွမ်းရည်ကိုလည်း တိုးတက် မြင့်မားလာစေမည် ဖြစ်ကြောင်း၊ စည်းရုံးရေးဆိုသည်မှာ မိမိဆောင်ရွက်လိုသည့် လုပ်ငန်းကိုလက်အောက်မှ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း လိုက်ပါလုပ်ဆောင်စေ ခြင်းပင်ဖြစ်ကြောင်း၊ အရေးပေါ်မှထပြီး လုပ်ဆောင်ရသည့်လုပ်ငန်း မဟုတ်ဘဲအချိန်နှင့်အမျှ လုပ်ဆောင်နေရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ခြင်းကြောင့် စဉ်ဆက်မပြတ်ပီပီပြင်ပြင်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။

ယနေ့အချိန်တွင် ပြည်ပနိုင်ငံကြီး အချို့နှင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက် သမားများသည် Media ကို လက်နက်အဖြစ်အသုံးချပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျောက်သား ကျောက်စိုင်ပမာ မယိမ်းမယိုင်ကျစ်လျစ် ခိုင်မာစွာနှင့် တပ်မတော်အပေါ်ထားရှိသည့် စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်များ ပျက်ပြားစေရန်နှင့် စွန့်လွှတ်စွန့်စားစွာဖြင့် ပြည်သူများ၏ ရှေ့မှတိုက်ပွဲဝင်နေသည့် အရာရှိ၊ စစ်သည်များ၏ တိုက်ပွဲဝင် စိတ်ဓာတ်၊ တစ်နည်းအားဖြင့် တိုက်စွမ်းရည်များ ကျဆင်းစေရန်အတွက် နည်းလမ်း မျိုးစုံသုံးပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရေးနှင့် တပ်မတော် အင်အားချည့်နဲ့စေရေးတို့ကို ဦးတည်လုပ်ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

တပ်တွင်း စည်းလုံးညီညွတ်ရေး

ထို့ကြောင့် တပ်တွင်းစည်းရုံးရေးကို ရေပက်မဝင် ကျစ်လျစ်ခိုင်မာစွာ ဘယ်သူ ခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်ကိုတည်ဆောက်ရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးတို့ကိုလည်း စဉ်ဆက်မပြတ် ကြည့်ရှုပြီး စေတနာထား လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှု၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ရှိမှသာ တပ်တွင်း စည်းလုံးညီညွတ်ရေးသည် ပိုမိုကျစ်လျစ် ခိုင်မြဲနေမည်ဖြစ်ကြောင်း။

ထို့အပြင် တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးကို စောင့်ထိန်းလိုက်နာပြီး တာဝန်ထမ်းဆောင်ရမည့် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရပါကလည်း အချိန်မဆိုင်းဘဲ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုပါ စေတနာထားဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးရန် လိုကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် ညီနောင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များအပါအဝင် လုံခြုံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ပေါင်းစပ်ပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးခြင်းအားဖြင့် တပ်ပြင်စည်းရုံးရေးအားကောင်းအောင် လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံး ရေးလုပ်ငန်းများကို ထိခိုက်စေမည့် မည်သည့်အပြုအမူ လုပ်ရပ်မျိုးကိုမဆို မိမိကိုယ်တိုင်နှင့် လက်အောက်ငယ်သားများကပါ လုံးဝမလုပ်မိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် အမြင်ကျယ်ကျယ် အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပြီး စစ်ဘက်၊ နယ်ဘက်ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကို ကြည့်ပါကလူအင်အား၊ စီးပွားရေးအင်အား ကြီးမားသည့် နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာကို ပြည်သူ့စစ် မဟာဗျူဟာအဖြစ် ဖော်ဆောင်ကျင့်သုံး လျက်ရှိကြောင်း၊ ပြည်သူလူထု၏ ယုံကြည် လေးစား အားကိုးမှုကို ရရှိစေရန်အတွက် တပ်မတော်သည် စွမ်းရည်ထက်မြက်ပြီး အင်အား တောင့်တင်းနေရန် လိုအပ်ကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်မှသာ ပြည်သူ့စစ်မဟာဗျူဟာများကို အကောင်အထည်ဖော်နိုင်မည်ပင်ဖြစ်ကြောင်း။      

တစ်ဖက်တွင်လည်း တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှုများ၊ ဖြတ်လမ်းနည်းနှင့် နိုင်ငံ့အာဏာကိုရယူရန်ကြိုးပမ်းမှုများကြောင့် နိုင်ငံ့တာဝန် များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်တာဝန်ယူ ထိန်းသိမ်းလျက် ယနေ့အချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်လျက်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ရှေ့လုပ်ငန်း စဉ်နှင့်ဦးတည်ချက်များ အောင်မြင်စေရန်မှာ နိုင်ငံတော်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းခြင်းတို့သည် မရှိမဖြစ် အရေးကြီးသကဲ့သို့ လုံခြုံတည်ငြိမ် အေးချမ်းမှလည်း နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်သကဲ့ သို့ အန္တိမရည်မှန်းချက်ဖြစ်သည့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းများပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို လည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ စတင်တာဝန်ယူစဉ်က နိုင်ငံတော်အတွင်း နေရာအနှံ့ ဆန္ဒပြမှု၊ အကြမ်းဖက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် လျင်မြန်စွာ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများနှင့် လမ်းပန်းဆက်သွယ်မှု ဝေးလံ ပြီး အုပ်ချုပ်မှု အလှမ်းဝေးကွာသည့်နေရာများ၌ လက်နက်ကိုင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုကို ကျေးရွာ၊ ရပ်ကွက် အလိုက်၊ နယ်မြေဒေသအလိုက် ဒေသခံပြည်သူများ ဆန္ဒဖြင့် ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းလျက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူယနေ့အချိန်ထိ ရှင်းလင်းဆောင်ရွက် နေဆဲဖြစ်ကြောင်း။

ထိုသို့ မိမိနယ်မြေဒေသအလိုက် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပူးပေါင်း ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်ပြီး စည်းစနစ်ပိုမိုကျနသည့် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မိမိနိုင်ငံ၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်အတွက် လည်းကောင်း၊ ယနေ့ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအနေ အထားနှင့်ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခမြောက်မြားစွာ၏ အနေအထားပေါ်မူတည်၍ လည်းကောင်း ပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၌ အတည်ပြုအာဏာ တည်စေခြင်း ဖြစ်ကြောင်း။

အလားတူ နိုင်ငံတော်နှင့်တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပြီးဖြစ်သည့် စစ်မှုထမ်းဟောင်းများကလည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ အခြေအနေနှင့် အချိန်အခါအရ လိုအပ်လာပြီဖြစ်၍ ပြန်လည်အမှု ထမ်းဆောင်ခွင့်ပြုရန် တောင်းဆိုမှုများ အများအပြားရရှိမှုပေါ် မူတည်လျက်အရန်တပ်ဖွဲ့ဥပဒေကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် အာဏာတည်စေခဲ့ကြောင်း။

အဆိုပါ ဥပဒေများသည် မိမိနိုင်ငံ တစ်ခုတည်းတွင်သာ တီထွင်ဖန်တီး ထုတ်ပြန်ထားခြင်း မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း လိုအပ်ချက်အရ လိုအပ်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေ၊ နည်းဥပဒေနှင့် တရားဝင်ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်၍ ဥပဒေနှင့် နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြင့် နိုင်ငံ့အတွက် တာဝန်ကျေသော နိုင်ငံ့ သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုလည်း ကျေညက်အောင်လေ့လာပြီး တာဝန်ကျရာ ဒေသအသီးသီးတွင် ရှိကြသည့် သတ်မှတ်ချက် အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ကြသည့် မိသားစုဆွေမျိုး အသိုင်းအဝိုင်းပါ သိရှိနားလည်သဘော ပေါက်အောင် စည်းရုံးပြောဆို အသိပေး ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများ၊ ရုပ်သံ လွှင့်နှင့်ရေဒီယို အစီအစဉ်များ အပါအဝင် သတင်းစာများမှတစ်ဆင့် အသိပေး အကြောင်းကြားနေသော်လည်း ဥပဒေ နှင့်နည်းဥပဒေပါ အချက်အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာမိ၊ မသိရှိပါက အကြမ်းဖက်အဖွဲ့အစည်း အသီးသီးနှင့် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်း အသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှုအပေါ် ဥပဒေမဲ့ လိုက်ပါလုပ်ဆောင်ခဲ့မိပါက မိမိကိုယ်ပိုင် ဘဝ၊ မိသားစုဘဝတို့သည်လည်း အကြောင်းမဲ့ တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့် အဖြစ်ဆိုးမှလည်း ကယ်တင်နိုင်မည်ဖြစ်၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်း ရုံးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ် ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေ မသမာသူ အကျင့်ပျက် ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း။

မိမိနိုင်ငံသည် ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့ အုပ်ချုပ်ခဲ့သည့်အချိန်မှစတင်ကာ တောင်တန်းနှင့် ပြည်မဒေသကို ဖွံ့ဖြိုးတိုးတက်မှုကွာခြားအောင် သွေးခွဲအုပ်ချုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် မညီညွတ်မှုများသည် သမိုင်းအမွေဆိုးအဖြစ် ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များအထိ ကျန်ရှိနေပြီး တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်သောင်းကျန်းမှုများ မချုပ်ငြိမ်းနိုင်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျကျန်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ် မှုအပေါ် ဆောင်ရွက်သင့်သည်များ၊ ဆောင်ရွက်နေမှုများကို မှာကြားပြီးဖြစ်သကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးတို့ကို ဖွဲ့စည်းပြီး တစ်ဖက် တစ်လမ်းက ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း အသိပေးလိုကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်း ရေးဖော် ဆောင်ရာတွင် သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် တွဲသည့်လက်မြဲ ခိုင်စေရန်၊ စိုသည့်လက် မခြောက်စေရန်၊ မူလကပင် သဘောထား အမြင်နှင့် စိတ်စေတနာပါ မှန်ကန်သည့် EAO များနှင့်လည်း ဆက်လက်ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေးဖိတ်ခေါ် လျက်ရှိပြီး လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များကိုလည်း NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှ တစ်ဆင့်မိမိတို့၏လိုလားချက်များကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်းမြင်သာစွာဆွေးနွေးလျက်ရှိကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများတွင်လည်း မိမိတို့ကျရာအခန်းကဏ္ဍကနေ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း။

ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်ပါ အတိုင်း လိုက်ပါလုပ်ဆောင်ပြီး လက်အောက်ငယ်သားများကို မှန်ကန်သည့် ခေါင်းဆောင်မှုပေး၍ နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်သည့်ရည်မှန်း ချက်တာဝန်များကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်သွားကြရန်၊ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းပြီး သစ္စာ ၄ ချက်ကို အသက်နှင့်ထပ်တူ စောင့်ထိန်း သွားကြရန်၊ တပ်တွင်း၊ တပ်ပြင်စည်းရုံး ရေးကို ပိုမိုကျစ်လျစ်ခိုင်မာပြီး ရေပက်မဝင်သည့် စည်းရုံးရေးကို တည်ဆောက်နိုင်ရေး စစ်သည်တော် ကျင့်ဝတ် ၆၀ ပါးနှင့်အညီ နေထိုင်လုပ်ဆောင်သွားကြရန်၊ “အနာဂတ်၏စစ်ခေါင်းဆောင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအား ထားရသော ခေါင်းဆောင်များဖြစ်အောင် အစဉ်ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာ ခန်းမ၌ ထူးချွန်ဆုရဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်