လေးမျက်နှာ    ၁၈   မေ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့ အမှတ်(၃) ရပ်ကွက် လမ်းမတော်လမ်းရှိ မြတ်စေတနာအခမဲ့ဆေးခန်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သမားတော်ပါရဂူများ  ကုသရေးဆရာဝန်များပါဝင်သော အဖွဲ့များသည် ယမန်နေ့ နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအသီးသီးမှ ကျေးလက်နေပြည်သူများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

တပ်မတော်နယ်လှည့်ဆေးကုသရေးအခြေပြု အဖွဲ့တွင် အထွေထွေရောဂါကုသမားတော်  ခွဲစိတ်ပါရဂူ   သားဖွားမီးယပ်ပါရဂူ  ကလေးအထူးကုပါရဂူ အရိုးအကြောပါရဂူ ပြန်လည်သန်စွမ်းရေးပါရဂူ  မျက်စေ့ပါရဂူ  နားနှာခေါင်းလည်ချောင်းပါရဂူ သွားဖက်ဆိုင်ရာပါရဂူ  ဓာတ်မှန်ပါရဂူ  ရောဂါဗေဒ(ဓာတ်ခွဲ)ပါရဂူ မေ့ဆေးပါရဂူများ ပါဝင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရောဂါဝေဒနာရှင်ပေါင်း ၅၀ဝ ခန့်အား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။ 

 

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ ခရိုင်အုပ်ချုပ်ရေးမှုး ခရိုင်ရဲတပ်ဖွဲ့မှုး လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှုး မြို့နယ်ရဲတပ်ဖွဲ့မှုးတို့နှင့် ရပ်ကွက်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ ဆေးကုသခံရောဂါဝေဒနာရှင်များအား  အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

ရွှေမိုး(ပြန်ဆက်)