မာန်အောင် နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက် ၇ နာရီက မာန်အောင်မြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသား/ကျောင်းသူများ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/ နှာခေါင်း/ လည်ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ ပြည်သူ့ကျန်းမာရေး၊ အထွေထွေရောဂါကုသမှု ပါရဂူ ဆရာဝန်ကြီးများအဖွဲ့သည် မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြုလျက် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ (အခမဲ့)ဆေးကုသမှုများကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)