နေပြည်တော်၊ နိုဝင်ဘာ ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် မန္တလေး တိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က အမရပူရမြို့နယ်၊ ၆၇ လမ်းနှင့် ၁၄၆(F)လမ်းထောင့်၊ အမှတ်-၂၉ (E)ရှိ ဂိုထောင်အား စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Justus Beer ဘူး (၄၃၂၀)၊ Maximus Beer (၄၈၂၄)ဘူးနှင့် Esse စီးကရက်အတောင့်(၇၅၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈,၄၄၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင် စားသုံးဆီ(၁)လီတာပါ ဘူး(၆၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀,၀၀၀)ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ မင်းဘူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ်(၁ ဒသမ ၂၆၈)တန်၊ အခြားသစ် (၀ ဒသမ ၅၀၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၂၃၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၈,၂၃၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Toys (ကလေးကစားစရာအရုပ်များ) ကီလိုဂရမ်(၁၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိ သည်။
ထို့အတူ နိုဝင်ဘာ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် စီးကရက်ကုန်ကြမ်း Tipping Paper (၁၂)လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၀၀,၀၀၀) ကိုလည်းကောင်း၊ ထီးတန်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Yokoshima ရေစုပ်စက်အလုံး (၅၀)အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၃၇,၀၀၀ )ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ ပိုင်ရှင်မှ လာရောက်ထုတ်ယူခြင်းမရှိသည့် မြေတူးစက် Drilling Machine (Used) (၄၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၀၇၆,၇၁၄ ) ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Mydot Tablets အားဆေး (၁၀၀၈)ဘူး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆,၅၇၅,၀၀၈ ) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်း မရှိသည့် Khian Guan ဘီစကစ်ဘူး (၄၈၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၉၂၈,၇၂၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၆,၀၈၆,၉၅၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)