နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး Xyclone X5 EC ကီလိုဂရမ် (၂၈၈၀) ၊ Elevator Bucket Plastic (၁၄၂၉ ဒသမ ၅၀) ကီလိုဂရမ်နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေး Scepter 270EC လီတာ (၅၀၀) ၊ Temperature  Controller အပူထိန်းညှိစက် (၂)ခု အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၉၈၅,၃၆၃)ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော JEONSA Cooling Gel Patch ကိုယ်ပူကျကပ်ခွာ ကီလိုဂရမ် (၆၆၉ ဒသမ ၆) ၊ JFRESH LED မီးသီး လုံး (၆၆၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၇၃၀,၂၀၁)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၇၁၅,၅၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်းရှိ မြတ်ကောင်းကင်ကားဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ဂျပန်ပြည်တွင်းသုံး 32” TV (၃၂)လုံး အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၇၂၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း၊ တွံတေးမြို့နယ်၊ တွံတေး တူးမြောင်း (၈)မိုင်ခွဲ၌ ရန်ကုန်မြို့မှ တွံတေးမြို့သို့ မောင်းနှင်လာသော လိုင်စင်မဲ့ ရန်မျိုးအောင် သစ်သားကိုယ်ထည် ရေယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄,၇၂၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင် တံတားပူးပေါင်း စစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကားတာယာများ(Used) လုံး (၁၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် 6,500,000)နှင့် အဆိုပါတာယာများ တင်ဆောင်လာသည့် Hino Ranger Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် 25,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကိုင်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁၁ ဒသမ ၆၂၇)တန်နှင့် အခြားသစ် (၂၁ ဒသမ၂၉၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃,၅၇၅,၇၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၅၇၅,၇၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇,၅၁၁,၂၆၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)