နေပြည်တော်၊ နိုဝင်ဘာ ၂၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ ဧရာဝတီမြစ်ကမ်းစပ်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လေးလုံးထိုးအင်ဂျင်တပ်စက်လှေ (၄)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင်၊ မြစ်ငယ်တံတား အနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ (၂၅)ကီလိုဂရမ်ပါ အိတ်(၁၁၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Shwe Chan Truck (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့၊ (၄)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တန့်ယန်း-မိုင်းရယ်-ကျေးသီး-လဲချား-လွိုင်လင်-တောင်ကြီး လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ(၂၅)ကီလိုဂရမ်ပါ အိတ်(၁၁၀၀)၊ အာလူး ကီလိုဂရမ်(၅၀)ပါ အိတ်(၅၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၂)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅,၂၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့၊မင်္ဂလာဥယျာဉ် ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန်(၂၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်း ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆/၇)နှင့် (၇/၀)အကြား၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၈၁၆)တန်၊ အခြားသစ်(၀ ဒသမ ၂၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၃,၁၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Voxy (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၆၅၃,၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ(၂ ဒသမ ၃၅၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၉,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆,၃၂၂,၉၆၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင ကော်မတီမှ သိရသည်။
(သတင်းစဉ်)


