နေပြည်တော်၊ အောက်တိုဘာ ၂၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ပုသိမ်မြို့၊ မြို့အဝင် ကိုးဆူစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ ပုသိမ်ခရိုင်အတွင်း၌ တရားမဝင်အခြားသစ် (၁.၂၀၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄,၄၅၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၆၀၄,၄၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Honda Wave မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကဒိုင်းကျေးရွာ၌ တရားမဝင်ခဲသတ္တု ကီလိုဂရမ် (၆၃၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၈၀၀,၀၀၀)ကို သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၁,၈၀၀,၀၀၀)ကို ဖမ်းဆီး အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၁ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့၊ သဖန်းပင်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လိုင်စင်မဲ့ Kobelco ဘက်ဟိုး ယာဉ်(၁)စီးနှင့် CASE ဘက်ဟိုးယာဉ် (၁)စီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ အောက်တိုဘာ ၂၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေး ရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် 108 ဆပ်ပြာမှုန့် ဂရမ် (၁၂၈၀၀၀) ၊ OP Puff ထောပတ်မုန့်အထုပ် (၆၀၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၆၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Zhong Tong Express (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Kashiwa ဟင်းချက်ဒယ်နီအိုး အလုံး (၁၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Condor (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၂၆၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ ဂျိုးဖြူကျေးရွာ၊ မိုင်တိုင်အမှတ် (၅၁/၅၂)၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နွားထီး (၇)ကောင်နှင့် နွားမ(၁)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀)နှင့် အဆိုပါနွားများ တင်ဆောင်လာသည့် Isuzu Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၁)မိုင် (၅)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် မြက်ဖြတ်စက် (၂၀၀)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် (၂၂)မိုင်၊ (၁)ဖာလုံ၌ ပိုင်ရှင်မဲ့ Justus Black ဘီယာ (၁၀၀၈၀)ဘူး၊ Hand & Body Lotion  ဘူး (၁၄၄၀၀) ၊ တရုတ်စာတမ်းပါ Cracker အ ထုပ်(၉၆၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၄၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၉,၀၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် အောက်တိုဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေး ဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်ဆီ လီတာ (၂၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇,၆၀၉,၄၅၀)ဖြစ်ကြောင်း တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)