ရန်ကုန်   ၁၂   ဇူလိုင် 
 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် UNICEF မြန်မာတို့ ပူးပေါင်း ကျင်းပသည့် တရားရုံးအထူးသက်သေစစ်မေးခန်းများစီမံခန့်ခွဲမှုအတွက် လမ်းညွှန်ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Rose Garden Hotel ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းနှင့် UNICEF မြန်မာမှ Ms. Noriko Izumi, Chief of Child Protection တို့က အမှာစကား ပြောကြားကြသည်။


အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံး၊ ဥပဒေရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တရားမျှတမှု စင်တာ ဥပဒေအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ၊ UNICEF မြန်မာမှ ကိုယ်စားလှယ်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်မှ ခရိုင်အဆင့် တရားသူကြီးများ၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲတွင် UNICEF မြန်မာမှ ကျွမ်းကျင်ပညာရှင် Dr. Karen Muller က တရားရုံးတွင် အထူးအကာအကွယ်ပေးရန် လိုအပ်သည့် သက်သေများကို စစ်ဆေးရန် အတွက် အထူးသက်သေစစ်ဆေးခန်းများ အသုံးပြုခြင်း၊ သက်သေစကားပြန်များအတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်များကို လေ့ကျင့်သင်ကြားခြင်း၊ ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှ ဇူလိုင် ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)အရ  ကလေးသက်သေစစ်ဆေးရန် အထောက်အပံ့ပစ္စည်းများကို မော်လမြိုင်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးများတွင် ၂၀၁၈ ခုနှစ်အတွင်း UNICEF မြန်မာ၏ အကူအညီဖြင့် တပ်ဆင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

 

1