နေပြည်တော် ၁၈ မေ
၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တရားရုံးစစ်တမ်းများ ကောက်ယူခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒက္ခိဏခရိုင်တရားရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ယခု သင်တန်းတွင် တရားရုံးစစ်တမ်း (၃)မျိုးဖြစ်သည့် ပြီးပြတ်မှုများ စစ်တမ်းကောက်ယူခြင်း၊ စစ်ဆေးဆဲအမှုများ စစ်တမ်းကောက်ယူခြင်းနှင့် တရားရုံးအသုံးပြုသူများ၏ စိတ်ကျေနပ်မှုစစ်တမ်း ကောက်ယူခြင်းတို့ကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ စစ်တမ်းများမှ အမှုပြီးပြတ်မှုနှုန်း၊ ပျမ်းမျှအမှုကြာမြင့်ရက်၊ ပျမ်းမျှရုံးချိန်း၊ အမှုရွှေ့ဆိုင်းနှုန်း၊ ကြန့်ကြာရသည့် အကြောင်းအရင်းများ ဆန်းစစ်လေ့လာနိုင်မည်ဖြစ်ပြီး အဆိုပါ စစ်တမ်းများကို အခြေခံမျဉ်းအဖြစ် အသုံးပြုရမည်ဖြစ်ကြောင်း၊ အရေးပါသည့် စစ်တမ်းများဖြစ်၍ စနစ်တကျ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဒေါ်ခင်ခင်ချိုမှ သင်တန်းနှင့်ပတ်သက်၍ နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကကျသည့် တရားရုံးစစ်တမ်းများ ကောက်ယူခြင်းသင်တန်းဖြစ်၍ ကြိုးကြိုးစားစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် လေ့ကျင့်ဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်နှင့် တရားရေး အရာရှိများ၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်ခင်ခင်ချိုနှင့် ညှိနှိုင်းရေးမှူး ဒေါ်ဖြူပြာအေး၊ USAID-PRLM မှ တာဝန်ရှိသူများ၊ ဒက္ခိဏခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးများနှင့် ခရိုင်အတွင်းရှိမြို့နယ် တရားရုံးများမှ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ စုစုပေါင်း(၄၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၈ ရက်မှ ၁၉ ရက်အထိ (၂)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)