ရန်ကုန် ၈ ဇူလိုင်
ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနနှင့် မြန်မာရေးရာလေ့လာ ရေးအဖွဲ့တို့ပူးပေါင်း၍ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ “China-Myanmar Sustainable Development and Cooperation under the China-Myanmar Economic Corridor’’ ကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်)ရှိ မြန်မာ ရေးရာလေ့လာရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှ မြန်မာ့ရေးရာလေ့လာရေး ဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယူနန်တက္ကသိုလ်မှ ပညာရှင်(၅)ဦးနှင့် မြန်မာနိုင်ငံ ဘက်မှ ပညာရှင်(၁၃)ဦးတို့က နှစ်နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အပိုင်းသုံးပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြသည်။
ပထမပိုင်းတွင် Green Energy Technologies and Sustainable Development ခေါင်းစဉ်ဖြင့် ဗိသုကာနှင့် မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ပို့ကုန်၊ သစ်တော၊ စိုက်ပျိုးရေး စသော ကဏ္ဍများတွင် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်၊ အခြေခံအဆောက်အုံနှင့် စွမ်းအင် လိုအပ်ချက် များ အကြောင်း ၊တရုတ်ပညာရှင် Dr. Zanxin Wangက တရုတ်နိုင်ငံ၏ အစိမ်းရောင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ၊ အောင်မြင်မှု များနှင့် အကျိုးသက်ရောက်မှု ၊ Naymin Energy System မန်နေဂျင်းဒါရိုက်တာ ဦးသိန်းမော်က မြန်မာနိုင်ငံ၏ လက်ရှိ အစိမ်းရောင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း နှင့် စွမ်းအင်ဆိုင်ရာ အသုံးပြုမှုများ အကြောင်း၊ တရုတ်ပညာရှင် Dr. Jingjing Song က မြန်မာနိုင်ငံ၏ လူမျိုးစု ပဋိပက္ခများ၏ လက်ရှိမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယပိုင်းတွင် Governance: Problems and Challenges ခေါင်းစဉ်ဖြင့် Sandi Governance Institute မှ ဦးခိုင်ဝင်းက အောင်မြင်မှုရရှိခဲ့သော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ် ၊ တရုတ် ပညာရှင် Dr. Mei Li က ဗဟိုအစိုးရနှင့် ပြည်နယ်အစိုး ရများအကြား ချိတ်ဆက် ဆောင်ရွက်မှု၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စ ၊ အဆိုပါကောက်ခံရရှိသော အခွန်များမှ ပြည်နယ်အစိုးရများအား လိုအပ်သည့်နေရာများတွင် ထောက်ပံ့ဖြည့်ဆည်းပေးမှု၊ ဒေါက်တာ တင်မောင်သန်း(MDRI-CESD)က ပရောဂျက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ဆောင်ရာတွင် အစိုးရပိုင်းအတွင်း ပြဿ နာများနှင့်စိန်ခေါ်မှု ၊ ယူနန်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ လက်ထောက်ပါမောက္ခ Lyu Xingက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများတွင် ပြည်သူလူထု၏အမြင်များအကြောင်းနှင့် မြန်မာမီဒီယာ များရင်ဆိုင်ရမည့် စိန်ခေါ်မှု ၊ မြန်မာအစိုးရနှင့် မီဒီယာများအနေအထားနှင့် မီဒီယာ များ၏ တာဝန်ယူရမည့်အပိုင်းကို ဆွေးနွေးကြသည်။
တတိယပိုင်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ တိုးတက်မှုများခေါင်းစဉ်ဖြင့်ဦးဇော်အောင် က တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုနှင့်ဆိုင်သော စိန်ခေါ်မှု၊ အစိုးရသစ်လက်ထက်တရုတ်နိုင်ငံနှင့်မြန်မာ နိုင်ငံအကြား ချုပ်ဆိုခဲ့သော နားလည်မှု စာချွန်လွှာများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာမူဘောင်များ၊ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များ၊ အလွှာစုံချိတ်ဆက်ဆောင်ရွက်မှု ၊ တရုတ်ပညာရှင် Dr. Yang Xiangzhang နှင့် ဒေါက်တာမြင့်ဆန်းတို့က တရုတ်-မြန်မာစီးပွားရေး စင်္ကြခေါင်းစဉ်မှ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့် သတင်းအချက် အလက်ဌာနခွဲ (ရန်ကုန်)ရှိ မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ သုတေသနအခြေခံ စာစောင်များ ထုတ်ဝေနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းကို ၂၀၁၁ ခုနှစ်တွင် မြန်မာ့ရေးရာလေ့လာရေး စင်တာအဖြစ် စတင်တည်ထောင်ခဲ့ရာ ၁၉၈၆ ခုနှစ် အမေရိကန် Northern Illinois University ၌ တည်ထောင်ခဲ့သော မြန်မာ့ရေးရာလေ့လာရေးစင်တာပြီးလျှင် ကမ္ဘာပေါ် တွင် ဒုတိယမြောက် အတတ်ပညာဆိုင်ရာ မြန်မာ့အရေးလေ့လာရေးအဖွဲ့အစည်း တစ်ခုဖြစ်ခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၌ တစ်ခုတည်းသော လက်တွေ့မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


