နေပြည်တော် ၂၂ မေ 

တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ဟိုတယ်ငှားရမ်းခြင်း၊ စားသောက်ဆိုင် ငှားရမ်းခြင်း၊ ဧည့်လမ်းညွှန် ငှားရမ်းခြင်း၊ ကားငှားရမ်းခြင်း စသည့်ကိစ္စများ ဆောင်ရွက်ရသည့်အတွက် မြန်မာနိုင်ငံသားများ ဝင်ငွေရရှိနေကြောင်းနှင့် zero budget tour မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယမန်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာသည်ကို တွေ့ရကြောင်း၊ တရုတ်ခရီးသွားများသည် တရုတ်နိုင်ငံသားပိုင် ဟိုတယ်များတွင် တည်းခိုခြင်း၊ တရုတ်နိုင်ငံသားပိုင် စားသောက်ဆိုင်တွင် စားသောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက် zero budget tour ဖြစ်နေကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းသည် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးသည်ဟု ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေကြောင်း မေးမြန်းချက်အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ look east policy ကို ကျင့်သုံးနေပါတယ်။ တရုတ် Market  ကို ထိန်းဖို့အတွက် border Pass ကို လုံးဝမပေးဘဲ package tour with flight only နဲ့ ကန့်သန့်ချက်ထား ဖော်ဆောင်ခဲ့ပါတယ်။ ဖော်ဆောင်ခဲ့တဲ့အတိုင်း တရုတ်ခရီးသည်တွေ အများကြီးလာပါတယ်။ package tour ဟာ ထိန်းရတာ လွယ်ကူအောင် လုပ်တာဖြစ်ပါတယ်။

ခရီးသည်တွေ အများကြီးလာတဲ့အခါမှာ ဘယ်သူက ပို့ပေးသလဲ။ ဘယ်သူက လက်ခံသလဲ။ ဒါကို ထည့်ပြီးစဉ်းစားရပါမယ်။ ခရီးစဉ်တစ်ခု ဖြစ်ပေါ်လာဖို့ဆိုတာ သူ့ဘာသာ သူတော့ မလာပါဘူး။ တရုတ်တွေက ဟိုတယ်ကို ငှားတယ်၊ ဝယ်တယ်။ စားသောက်ဆိုင်ကို ငှားတယ်၊ ဝယ်တယ်။ ဧည့်လမ်းညွှန်ကို ငှားတယ်၊ ကားကို ငှားတယ်။ ဒီလိုငှားတယ်။ ဝယ်တယ် ဆိုကတည်းက မြန်မာနိုင်ငံသားတွေ ဝင်ငွေမရဘူးလား။ ဘယ်လိုလုပ်ပြီးတော့ zero budget ဖြစ်နိုင်မှာလဲ” ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက “ငှားတဲ့အခါ ပိုက်ဆံနဲ့မငှားရင် ဘာနဲ့ရမလဲ။ ဝယ်တဲ့အခါ ပိုက်ဆံနဲ့ပေးမဝယ်ရင် ဘယ်လိုရောင်းမလဲ။ “အ” ပြီးတော့ ရောင်းရင်၊ ငှားရင် တစ်ခါမှားမယ်။ နှစ်ခါမှားမယ်။ ဒါပေမယ့် သုံးခါတော့ ကျွန်တော်တို့ မမှားပါဘူး။ အချိန်တန်ရင် နွားပိန်ကန်လာပါလိမ့်မယ်။ စောင့်ကြည့်ပါ”ဟု ပြောကြားခဲ့သည်။

Look East Policy ကို ချမှတ်ဖော်ဆောင်ခြင်းကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်းအထိ ယခင်နှစ်ကထက် ပိုမိုတိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အသုံးမပြုရသေးသည့် သစ်တောသစ်ပင်များ၊ နှင်းဖုံးလွှမ်းနေသည့် တောင်တန်းများ၊ လူသားတို့ ထိတွေ့အသုံးပြုရခြင်း မရှိသေးသည့် သဘာဝပတ်ဝန်းကျင်ကောင်းများစွာ ကျန်ရှိနေကြောင်း၊ ကမ္ဘာ့ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံအကြောင်းကို ပါဝင်ပြသရုံမကဘဲ နိုင်ငံ၏ အဓိက ခရီးစဉ်ဒေသများသို့ လေကြောင်းတိုက်ရိုက် ဆိုက်ရောက် ပျံသန်းနိုင်ရေး၊ ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာများ ခွင့်ပြုပေးရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ပေးရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်ရေးတို့ ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ကျော်သူထက်