နေပြည်တော်၊ ဇွန် ၁၁
တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့–GACC သို့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ညီနောင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနား ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့-GACC ၏ လမ်းညွှန်ချက်နှင့် အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ GACC သို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းဖြင့်ဖြစ်စေ အွန်လိုင်း စနစ်ဖြင့်ဖြစ်စေ လျှောက်ထားရာတွင် အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းဆောင်ရွက်ရန်နှင့် စစ်ဆေးရေးဆောင်ရွက်ရာတွင် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များ သိရှိနားလည်စေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တို့ အကြား အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိမှုမှာ သီးနှံအနေဖြင့် ဆန်၊ ပိုး အိမ်ခြောက်၊ ပြောင်းနှင့် ငှက်ပျော စသည့် Protocol ၄ ခု ၊ မွေးမြူရေးနှင့် သဘာဝမှဖမ်း ဆီးရရှိသည့် ရေထွက်ပစ္စည်း တင်ပို့ခြင်းနှင့် သက်ဆိုင်သော Protocol (၂) ခု နှင့် ကျွဲ၊ နွားအရှင်တင်ပို့ရေးနှင့် သက်ဆိုင် သည့် Protocol (၁) ခု၊ စုစုပေါင်း (၇)ခု ဖြစ်ပြီး ဆက်လက်၍ ပို့ကုန်အလားအလာရှိသော SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မန္တလေးတိုင်း ဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အသိပညာပေးအစီအစဉ် ဖွင့်လှစ်ပို့ချရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့–GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထွက်ပစ္စည်းတင်ပို့မှု စုစုပေါင်း (၃၀)ရာခိုင် နှုန်းမှာ တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး အရေးကြီးသည့် ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်မှု ဆိုင်ရာလိုအပ်ချက်များကို ကုမ္ပဏီများလိုက်နာဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ယခုဖွင့်လှစ်ပို့ချသည့် “အသိပညာပေး အစီအစဉ်” သည် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓါတ်ခွဲခန်း(မန္တလေး)တွင် ဓါတ်ခွဲခန်းပညာရှင်များနှင့် တွေ့ဆုံ၍ ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဓါတ်ခွဲခန်းပညာရပ်အသစ်များ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန်နှင့် ပညာရှင်အချင်းချင်း နည်းပညာမျှဝေဖလှယ်သော အလေ့အကျင့် ကောင်းများဖြင့် စွမ်းဆောင်ရည်မြင့်မားသော မျိုးဆက်သစ်ဓါတ်ခွဲခန်း ပညာရှင်များ မွေးမြူပျိုးထောင် ပေးရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အဓိက သီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်ရရှိရေး ကျရာကဏ္ဍက ပညာရှင်ဆန်သော စွမ်းဆောင်မှုထုတ်ဖော်ပြသနိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ကျင့်ဝတ်သိက္ခာ နှင့်အညီ ဆောင်ရွက်ရန်လို အပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ တွင် ခရိုင်နှင့်မြို့နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်(၄)ခုမှ ဒေသခံတောင်သူ များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


