မူဆယ် ၁၅ စက်တင်ဘာ
ရွှေလီမြို့သို့ တရားမဝင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီးနောက် ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသထိစပ်နေသည့် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့ကိုမြို့တို့ကို အဝင်/အထွက် ပိတ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်ပရေးရာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွှေလီမြို့ ပြည်သူလူထုများအနေဖြင့် အိမ်ပြင်မထွက်ဘဲ မိမိနေအိမ်အတွင်း နေထိုင်ကြရန်နှင့် ရွှေလီမြို့ရှိ ပြည်သူလူထုအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိ/မရှိတို့ကို စစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသရှိ တရားမဝင်ခိုးပေါက်များမှ ဝင်ရောက်လာသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရွှေလီမြို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် ဝင်ရောက်နေထိုင်ခြင်း ရှိ/မရှိတို့ကိုလည်း ကြပ်မတ်စစ်ဆေးပြီး တရားဝင်နေထိုင်ခွင့်မရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျယ်ဂေါင်နှင့် ဝမ်တိန်မြို့တို့တွင် နေထိုင်ကြသည့် ပြည်သူလူထုအားလုံးနှင့် အဆိုပါဒေသတို့တွင် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ တို့ဖတ်နမူနာများရယူ၍ (၃)ရက်ကြာ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ပြည်မကြီးနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့လိုက်ပြီဟု ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ရွှေလီမြို့အဝင် အကောက်ခွန်ဌာနကိုလည်း (၁၄)ရက်ခန့် ယာယီပိတ်ထားမည်ဖြစ်ပြီး နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ဖြစ်သည့် (မန့်ဝိန်းဂိတ်)မှတစ်ဆင့် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ကုန်ချမည့် ကုန်တင်ယာဉ်များကို ဦးစားပေးဝင်ရောက်ခွင့် ပြုလျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


